သိန္နီမြို့နယ်တွင် (၇၅)နှစ်မြောက် အာဇာနည်နေ့အကြို အသိပညာပေးဆွေးနွေးပွဲ(Talk Show) ရိုက်ကူးထုတ်လွှင့်

သိန္နီ  ဇူလိုင်  ၈

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ယမန်နေ့ မွန်းလွဲပိုင်းအချိန်က (၇၅)နှစ်မြောက် အာဇာနည်နေ့အကြို အသိပညာပေးဆွေးနွေးပွဲ (Talk Show) ရိုက်ကူးခဲ့သည်။

ဆွေးနွေးပွဲတွင် ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဥမ္မာချိုက ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်မည့် (၇၅) နှစ်မြောက် အာဇာနည်နေ့ကို ဂုဏ်ပြုကြိုဆို သောအားဖြင့် အာဇာနည်နေ့နှင့်ပတ်သက်သည့် အကြောင်းအရာများကို ပြည်သူများ သိရှိစေရန်အတွက်ရည်ရွယ်၍ ဆွေးနွေးပွဲအား ရိုက်ကူးထုတ်လွှင့်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။ ထို့နောက်  မြို့နယ်ပညာရေးမှူးရုံး ဒုမြို့နယ်ပညာရေးမှူး ဦးကျော်ဇေယျက အာဇာနည်နေ့ဖြစ်ပေါ်လာပုံသမိုင်းကြောင်း၊ အာဇာနည်ခေါင်းဆောင်ကြီး (၉)ဦး ၏ အမည်များနှင့် ဗိုလ်ချုပ်အောင်ဆန်း၏ အကြောင်းအား ရှင်းလင်းဆွေးနွေးခဲ့သည်။ ဆက်လက်၍ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းမှ ဆရာမဒေါ်ဇင်မာသဲက အာဇာနည်ခေါင်းဆောင်ကြီးတစ်ဦးဖြစ်သော မိုင်းပွန်စော်ဘွားကြီး စပ်စံထွန်း၏ အကြောင်းအပါအဝင် ကျန်အာဇာနည်များ၏ အကြောင်းများ၊ ကျဆုံးခဲ့ပုံနှင့် အသက်ကို ပဓါနမထားဘဲ ကိုယ်ကျိုးစွန့် အနစ်နာခံကာ တိုင်းပြည်အတွက် ကြိုးစားခဲ့ပုံများကို ဆွေးနွေးခဲ့ကြသည်။

အဆိုပါဆွေးနွေးပွဲ (Talk Show) အစီအစဉ်ကို သိန္နီမြို့နယ် ပြည်သူ့စာကြည့်တိုက် Facebook Page နှင့် We Love Hseni Facebook Page တို့တွင် လွှင့်တင်သွားမည်ဖြစ်ကြောင်း သိရသည်။

စောဉမ္မာ(သိန္နီ)