မိတ္ထီလာ၊ စက်တင်ဘာ ၉
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်အတွင်းရှိ ကျေးရွာ (၁၇) ရွာတွင် Village Revolving Fund Project (VRFP) စီမံကိန်းဖြင့် ဆောင်ရွက်လျက်ရှိသည့် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများအား မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများက ယမန့်နေ့က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ပြည်သူများ လူမှုစီးပွားထိခိုက်မှုများ ဖြစ်ပေါ်နေပြီး ဒေသခံတောင်သူများ၊ အသေးစားစီးပွားရေး လုပ်ကိုင်နေသူများအနေဖြင့် စီးပွားရေးလုပ်ငန်းများ ပြန်လည်စတင်နိုင်ရန်နှင့် တိုးချဲ့ဆောင်ရွက်နိုင်ရေးအတွက် Village Revolving Fund Project (VRFP) စီမံကိန်းကို အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိရာ မိတ္ထီလာ မြို့နယ်အတွင်းရှိ ကျေးရွာ(၁၇)ရွာ တွင် (VRFP) စီမံကိန်းရန်ပုံငွေကျပ်သိန်း (၄၀၀၀)ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက် ရှိသည်။
ထိုသို့ စီမံကိန်းရန်ပုံငွေများပေးအပ်ရာတွင် ကျေးရွာအတွင်းရှိ အိမ်ခြေအနည်းအများအလိုက် ရန်ပုံငွေများကို ပေးအပ်ခြင်းဖြစ်သည်။ အဆိုပါ စီမံကိန်းရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် ဖိုးပျော်တော၊ အိုးအိုင့်ကုန်း၊ ကြိုးစု၊ အိုင့်ကုန်း၊ သဘွတ်ကုန်း၊ ဆူးရစ်တန်း၊ လက်ပံ့အိုင့်၊ ရွာသစ်၊ ဖက်တော၊ ဝါးရုံစု၊ ဥသျှစ်ကုန်း၊ အုတ်ဖို၊ ကန်နီအရှေ့၊ ကံခြားမြောက်၊ ထနောင်းပင်တဲ၊ သံဘို၊ ဂွေးတောက်ကန်ကျေးရွာများမှ ဒေသခံပြည်သူများက စိုက်ပျိုးရေးလုပ်ငန်း၊ မွေးမြူရေးလုပ်ငန်းနှင့် အရောင်းအဝယ်လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။ ယင်းစီမံကိန်းဖြင့် ကျေးရွာ (၁၇) ရွာမှ အိမ်ထောင်စု ၁၆၀၃ ကို အလုပ်အကိုင်အခွင့်အလှမ်းများရရှိစေခဲ့ကြောင်း သိရသည်။
၎င်းစိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အရောင်းအဝယ်လုပ်ငန်းများဆောင်ရွက်မှု အခြေအနေများကို မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ခင်မျိုးမျိုးလတ်နှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု့စစ်ဆေးခဲ့ပြီး လိုအပ်သည်များကို ဖြည့်စည်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)