မဘိမ်းမြို့နယ်တွင် (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်ကဗျာနှင့် စာစီစာကုံးပြိုင်ပွဲကျင်းပ

မဘိမ်း ဇူလိုင် ၈             

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့ အခြေခံပညာ အထက်တန်းကျောင်း၌  ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ(၁၉)ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ကဗျာနှင့် စာစီစာကုံး ပြိုင်ပွဲကို ယမန်နေ့ ညနေ ၂ နာရီအချိန်က မဘိမ်းမြို့၊ အခြေခံပညာအထက်တန်းကျောင်း၊ မြသီတာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။  

ပြိုင်ပွဲတွင် အခြေခံပညာ အထက်တန်းအဆင့် ဗိုလ်ချုပ်တို့ဆုံး မုန်းဆုံးဇူလိုင် ကဗျာပြိုင်ပွဲတွင် ကျောင်းသား၊ ကျောင်းသူ(၅)ဦး၊ အခြေခံပညာ အထက်တန်းအဆင့် အာဇာနည်ခေါင်းဆောင်ကြီးများမှသည် အနာဂတ် ခေါင်းဆောင်ကြီးများဆီသို့ စာစီစာကုံးပြိုင်ပွဲတွင် ကျောင်းသား၊ ကျောင်းသူ (၇)ဦးနှင့် အခြေခံပညာ အလယ်တန်းအဆင့် ဇူလိုင် ၁၉ မျက်ရည်မိုး ကဗျာပြိုင်ပွဲတွင် ကျောင်းသား၊ ကျောင်းသူ(၂၀)ဦး၊ အခြေခံပညာ အလယ်တန်းအဆင့် အာဇာနည်သွေးတို့တွေမွေး စာစီစာကုံးပြိုင်ပွဲတွင် ကျောင်းသား၊ ကျောင်းသူ(၁၁)ဦး၊ စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ(၃၆)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။

(၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အကြို ကဗျာနှင့် စာစီစာကုံးပြိုင်ပွဲတွင် ကျောင်းသား၊ ကျောင်းသူများ ပါဝင်ယှဉ်ပြိုင်နေမှုများကို အထက(မဘိမ်း) ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မူဝင်းနှင့် ဆရာ၊ ဆရာမများက ကြီးကြပ်ဆောင်ရွက်၍ ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရ သည်။  

မျိုးမင်း(ပြန်/ဆက်)