မိုင်းလုံမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲကျင်းပ

မိုင်းလုံ ဇူလိုင် ၈

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့ အခြေခံပညာ အထက်တန်းကျောင်းတွင်  (၇၅)နှစ် မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲကို ယနေ့ နံနက်(၉) နာရီအချိန်ခန့်က ဆောင်ရွက်ခဲ့ သည်။

ဟောပြောပွဲတွင် အထက်တန်းပြဆရာမ ဒေါ်နှင်းနှင်းလှိုင်မှ အာဇာနည်နေ့ သမိုင်း‌ကြောင်းကို ကျောင်းသား၊ ကျောင်းသူများ သိရှိအောင်အာဇာနည်နေ့သည် နှစ်စဉ် ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်သော မြန်မာနိုင်ငံ ၏ နိုင်ငံတော်အဆင့် အောက်မေ့ဖွယ်အထိမ်းအမှတ်နေ့ တစ်ရက် ဖြစ်ကာ ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့ တွင် မြန်မာနိုင်ငံ၊ ရန်ကုန်မြို့တွင် ဗိုလ်ချုပ် အောင်ဆန်းအပါအဝင် နိုင်ငံရေးတွင် အလွန်အရေးပါသော ခေါင်းဆောင်ကြီး ၈ ဦးနှင့် ကိုယ်ရံတော်တစ်ဦး လုပ်ကြံခြင်းခံခဲ့ရသည့် အကြောင်းအရာများ၊ လုပ်ကြံခံရသည့်နေ့ ကို အာဇာနည်နေ့ဟု သတ်မှတ်ပြီး ထို့နေ့ကို အစိုးရရုံးများ၊ ကျောင်းများ၊ ပုဂ္ဂလိကရုံးများကို ပိတ်၍ နိုင်ငံတော် အလံကို တိုင်တစ်ဝက်၌ လွှင့်ထူထားသော အကြောင်းအရာများကို ပြည့်ပြည့်စုံစုံ ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

အာဇာနည်နေ့နှင့် သက်ဆိုင်သော စာစီစာကုံးပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲ၊ ကဗျာပြိုင်ပွဲများကိုလည်း ဇူလိုင်လ (၁၅)ရက် နေ့တွင် ဆောင်ရွက်ပေးမည့်အကြောင်းကို ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းစံလောင်က ဟောပြောပွဲတွင် ကျောင်းသား၊ ကျောင်းသူများကို ပြောကြားခဲ့ကြောင်း သိရသည်။

ဇော်ဇော်(ပြန်/ဆက်)