သီပေါ ဇူလိုင် ၈
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ မြို့နယ် အတွင်းရှိ တောင်သူများအား မိုးရာသီစိုက်ပျိုးစရိတ်များ ထုတ်ချေးပေးလျက်ရှိရာ ယနေ့ နံနက် ၈ နာရီက နောင်အန်ကျေးရွာအုပ်စုမှ တောင်သူများအား ဆက်လက်ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ စိုက်ပျိုးစရိတ်ချေးငွေများကို မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ၂၀၂၂ ခုနှစ် မေလ (၁၆) ရက်နေ့မှ စတင်၍ ယခင်နှစ်ကြွေးကျန်မရှိသူများအား ဦးစားပေးအနေဖြင့် ထုတ်ပေးလျက်ရှိရာ ယနေ့ နံနက်ပိုင်းအထိ ကျေးရွာအုပ်စု (၃၅)အုပ်စုမှ တောင်သူများ၏ စပါးဧက(၆၉၅၂)ဧက၊ ပြောင်း (၁၅၆၉၈) ဧကတို့အတွက် ချေးငွေကျပ်သိန်းပေါင်း (၂၆၁၂၆)ကို ထုတ်ချေးပေးနိုင်ခဲ့ကြောင်းနှင့် ကျန်ရှိနေသော ကျေးရွာအုပ်စုများမှ တောင်သူများအား ဆက်လက်ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မန်နေဂျာ ဒေါ်စန်းစန်းအေးက တောင်သူများအား ရှင်းလင်းပြောကြားခဲ့သည်။
ထိုသို့ထုတ်ချေးပေးရာတွင် စပါးစိုက်ခင်းတစ်ဧကလျှင် ငွေကျပ် တစ်သိန်းခွဲနှုန်းနှင့် ပြောင်းတစ်ဧကလျှင် ငွေကျပ်တစ်သိန်းနှုန်းဖြင့် ထုတ်ချေးပေးလျက်ရှိပြီး ၂၀၂၀ ပြည့်နှစ်နှင့် ၂၀၂၁ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ် ချေးငွေများ အကျေပေးသွင်းပြီးသည့် တောင်သူများအား ဦးစားပေးထုတ်ချေးပေး ခြင်းဖြစ်ကြောင်းနှင့် ၂၀၂၂ ခုနှစ် မိုးသီးနှံချေးငွေများကို စက်တင်ဘာလကုန်အထိ ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း မြို့နယ်မြန်မာ့ လယ်ယာဖွံ့ဖြိုးရေးဘဏ် မန်နေဂျာထံမှ သိရသည်။
ခင်လေး(မြို့နယ် ပြန်/ဆက်)