နမ့်စန်(တ) ဇွန် ၈
ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် အသိပညာပေးခြင်းအစီအစဉ်များ၊ ဖျော်ဖြေရေး အစီအစဉ်များနှင့် ကျန်းမာရေးလှုပ်ရှားမှု အစီအစဉ်များကို Onlineမှတဆင့် ပြည်သူများထံအသိပညာပေး ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ ညနေ ၃ နာရီက လူကုန်ကူးမှုအန္တရာယ် အသိပညာပေး Talk Show အစီအစဉ်ကို မြို့နယ်ပြည်သူ့စာကြည့်တိုက်ရှိ လူထုအခြေပြုဗဟိုဌာန (Community Centre )တွင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါအစီအစဉ်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဥမ္မာအောင်နှင့် မြို့နယ်ဥပဒေအရာရှိ ဦးအောင်အောင်တို့က လူကုန်ကူးခံရခြင်း အကြောင်းအရင်းများ၊ လက်ရှိလူကုန်ကူးမှုဖြစ်ပွားနေမှု အခြေအနေများနှင့် လူကုန်ကူးခံရမှု ပုံစံအမျိုးမျိုး၊ လူကုန်ကူးခံရမှုမှကင်းဝေးစေရန်ဆောင်ရန်၊ ရှောင်ရန်များနှင့် လူကုန်ကူးမှုဆိုင်ရာဥပဒေ၊ နည်းဥပဒေများကို အသိပညာပေး ဆွေးနွေးခဲ့ကြသည်။
အဆိုပါ Talk Show အစီအစဉ်ကို နမ့်စန်မြို့နယ် ပြည်သူ့စာကြည့်တိုက် Facebook Page နှင့် We Love Namsang Facebook Page တို့တွင် ထုတ်လွှင့်ပြသသွားမည်ဖြစ်ကြောင်း မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဥမ္မာအောင်ထံမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)