ပုဗ္ဗသီရိ ဇူလိုင် ၈
မြန်မာနိုင်ငံအတွင်း ဖြစ်ပွားလျက်ရှိသော သဘာဝဘေးအန္တရာယ်များအနက်မှ ငလျင်ဘေးအန္တရာယ်သည် ကြိုတင်ခန့်မှန်း၍ မရသည့်အပြင် ထိခိုက်ပျက်စီးဆုံးရှုံးမှုများပြားသည့် ဘေးအန္တရာယ်(၁)ခုဖြစ်ပြီး ငလျင်ဘေးဖြစ်ပွားလာပါက မည်သို့တုံ့ပြန်ဆောင်ရွက်ရမည်ကို သိရှိလိုက်နာ ဆောင်ရွက်ခြင်းဖြင့် ထိခိုက်ဆုံးရှုံးမှု လျော့နည်းစေရန်အတွက် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ ငလျင်အသိပညာပေးဟောပြောပွဲနှင့် ငလျင်ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယမန်နေ့နေ့လယ် (၁)နာရီခွဲအချိန်က ပုဗ္ဗသီရိမြို့နယ်၊ အမှတ်(၁၃) အခြခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးက တက်ရောက်အားပေးခဲ့ပြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်း ဦးစီးမှူးရုံးမှ တိုင်းဦးစီးမှူး ဦးကျော်ကျော်ထွန်းက ငလျင်ဇာတ်တိုက်လေ့ကျင့်ခန်း ပြုလုပ်ရခြင်းနှင့် စပ်လျဉ်း၍ စာသင်ကျောင်းများတွင် ပညာလေ့လာဆည်းပူးနေသော ကျောင်းသား/ကျောင်းသူများအနေဖြင့် ငလျင်ဘေးအန္တရာယ် ကျရောက်ချိန်တွင် မည်သို့တုံ့ပြန် ဆောင်ရွက်ရမည်ကို သိရှိထားရန်လိုအပ်သကဲ့သို့ ထိခိုက်ဆုံးရှုံးမှုအနည်းဆုံးဖြစ်အောင် တုံ့ပြန်ဆောင်ရွက် နိုင်ရေးအတွက် ဇာတ်တိုက်လေ့ကျင့်ခန်းများ ဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း၊ ထို့ပြင် နေပြည်တော်ကောင်စီ၊ ဘေးန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ကော်မတီ၏ ဦးဆောင်လမ်းညွှန်မှုနှင့်အညီ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး အနေဖြင့် သက်ဆိုင်ရာ တိုင်း/ခရိုင်/ မြို့နယ်အဆင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဝင်များနှင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ငလျင်ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးမှုလျော့နည်းစေရန် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းများကို ထိရောက်လျင်မြန်စွာ ပူးပေါင်း ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။ ထို့နောက် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ များက ငလျင်ဇာတ်တိုက် လေ့ကျင့်သရုပ်ပြခြင်းများ ဆောင်ရွက်ခဲ့ကြပြီး နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးက ငလျင်ဘေးအန္တရာယ်ဇာတ်တိုက်လေ့ကျင်းခန်း ပြုလုပ်ရတဲ့အတွက် ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာဗဟုသုတများနှင့် အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါ ငလျင်ဇာတ်တိုက်လေ့ကျင့်ခန်းသို့ နေပြည်တော်ကောင်စီအဖွဲ့ဝင်ဦးမြင့်စိုး၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ တိုင်းဦးစီးမှူးဦးကျော်ကျော်ထွန်းနှင့် တာဝန်ရှိသူများ၊ ဥတ္တရခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပရဟိတအဖွဲ့ဝင်များ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများက တက်ရောက် ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မျိုးသီဟ(ပြန်/ဆက်)