မြောက်ဥက္ကလာပ ဇူလိုင် ၇
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၊ ယာဉ်ထိန်းရဲတပ်ဖွဲ့စုနှင့် မြို့နယ်ပညာရေးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများယာဉ်အန္တရာယ်ကင်းရှင်းရေး၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းလိုက်နာဆောင်ရွက်မှုရှိစေရန်ရည်ရွယ်၍ ဟောပြောပွဲနှင့်အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်(၉:၀၀) နာရီအချိန်က ရွှေပေါက်ကံမြို့သစ် အထက်တန်းကျောင်းခွဲ၊ အမှတ်(၁၀) အခြေခံပညာအလယ်တန်းကျောင်းခန်းမတွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးဟောပြောပွဲနှင့် အသိပညာပေးလက်ကမ်း စာစောင်များဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ထို့သို့ဆောင်ရွက်ရာတွင် အမှတ်၃၅၊ ယာဉ်ထိန်းရဲတပ်ဖွဲ့စု၊ တပ်ဖွဲ့စုမှူး ဒုရဲမှူးလှိုင်ဝင်းအောင်က ကျောင်းသား၊ ကျောင်းသူများအား ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအန္တရာယ်သတိပေး လမ်းညွှန်ချက်များ၊ တားမြစ်ခြင်းနှင့်ကန့်သတ်ခြင်းလမ်းညွှန်များ၊ အနှေးယာဉ်များလိုက်နာရမည့်စည်းကမ်းများ၊ မော်တော်ယာဉ်မောင်းနှင်စဉ် လိုက်နာရမည့်အချက်များ၊ လမ်းကူးရာတွင်သတ်မှတ်ထားသည့် လူကူးမျဉ်းကျားမှသာ စည်းကမ်းတကျကူးစေရေးနှင့် ခြေလျင်လျှောက်သူများနှင့်ပတ်သက်၍ သိရှိလိုက်နာရန်အချက်များ၊ ယာဉ်တိုက်မှုဖြစ်ပွားနိုင်မှုအခြေအနေများ၊ ယာဉ်တိုက်မှုမှုခင်းအတွေ့အကြုံများ၊ မြန်မာနိုင်ငံတွင်ယာဉ်တိုက်မှုဖြစ်ပွားခဲ့သည့် အရေအတွက်များ၊ ဖြစ်ပွားပုံအမျိုးအစားများစသည့်တို့ကို ရှင်းလင်းဟောပြောခဲ့ပြီး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းလိုက်နာစေရန် အသိပညာပေးရုပ်သံများအား projector ဖြင့်ပြသခဲ့သည်။ ထို့နောက် တက်ရောက်လာသော ဆရာ၊ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများအား အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။
အဆိုပါဟောပြောပွဲသို့ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ(၃၀၀)ဦးတက်ရောက်ခဲ့ကြပြီး မြောက်ဥက္ကလာပမြို့နယ် ယာဉ်ထိန်းရဲတပ်ဖွဲ့စုအနေဖြင့် မြို့နယ်အတွင်းရှိအခြေခံပညာကျောင်းများတွင် အသိပညာပေး ဟောပြောပွဲများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။
လှလှထွေး (ပြန်/ဆက်)