ပင်လုံ ဇူလိုင် ၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့အမှတ်(၂)၊ အခြေခံပညာအထက်တန်းကျောင်း၌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ယနေ့နေ့လည်(၁:၃၀)နာရီတွင် သဘာဝဘေးအန္တရာယ် အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ပေးခဲ့ပါသည်။
ရှေးဦးစွာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သင်းမြတ်ရည်ဝင်းက သဘာဝဘေးအန္တရာယ် အသိပညာပေးဟောပြောပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်နှင့်ဘေး(၁၀)မျိုး၏ အမျိုးအစားများ၊ သဘာဝဘေးအန္တရာယ်များနှင့် ပတ်သက်၍ဘေးမဖြစ်ပွားမီ၊ ဖြစ်ပွားဆဲ၊ ဖြစ်ပွားပြီးနောက်ဆောင်ရန်၊ ရှောင်ရန်များ၊ သဘာဝဘေးဆိုင်ရာအခြေခံ ဗဟုသုတများအားဟောပြောပေးခဲ့ပြီး တာဝန်ရှိသူတစ်ဦးက ဘေး(၁၀)မျိုးထဲမှလျှပ်စီးလက်ခြင်း၊ မိုးကြိုးပစ်ခြင်းနှင့်ပတ်သက်သည့် လျှပ်စီးလက်ခြင်းမဖြစ်မီ ကြိုတင်လုပ်ဆောင်ရန်အချက်များ၊ လျှပ်စီးလက်မှုဖြစ်ပွားစဉ်အိမ်အတွင်း/အပြင်ရှိ နေလျှင်လိုက်နာရမည့်အချက်များ၊ လျှပ်စီးလက်ခြင်းဖြစ်ပွားပြီးနောက် လိုက်နာရန်အချက်များ ဟောပြောပေးခဲ့ပါသည်။ ဆက်လက်၍ တာဝန်ရှိသူတစ်ဦးမှ ရေဘေးအန္တရာယ်နှင့်ပတ်သက်၍ ကြိုတင်ပြင်ဆင်ရန်များ၊ ရေကြီးခြင်းသတိပေးချက်ရလျှင်ဆောင်ရွက်ရန်များ၊ ရေကြီးခြင်းဖြစ်ပေါ်နေချိန်တွင် လိုက်နာရန်အချက်များနှင့် ရှောင်ရှားသင့်သည့်အချက်များ၊ ရေကြီးပြီး နောက်ပြုလုပ်ရန်အချက်များနှင့် ရှောင်ရှားသင့်သည့်အချက်များစသည့် အသိပညာပေးဟောပြောပေးခဲ့ပြီးတက်ရောက်လာသည့် ကျောင်းသား/သူများအား သဘာဝဘေးအန္တရာယ် အကြောင်းသိကောင်းစရာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပါသည်။ ၎င်းဟောပြောပွဲသို့ တက်ရောက်သူ ကျောင်းသား/သူ စုစုပေါင်းအင်အား(၄၀၀)ဦးခန့်ရှိကြောင်း သိရှိရပါသည်။
မြို့နယ် (ပြန်/ဆက်)