မြစ်ကြီးနားမြို့ စီးပွားရေးဖွံ့ဖြိုးရေးဇုန်စီမံကိန်း မြေနေရာနှင့် စပ်လျဉ်း၍ မြေယာသီးနှံလျော်ကြေး ပေးအပ်နိုင်ရေး ပြည်နယ်စီးပွာ‌ရေးရာဝန်ကြီးနှင့် ကော်မတီအဖွဲ့ဝင်များ ညှိနှိုင်းဆွေးနွေး

မြစ်ကြီးနား ဇူလိုင် ၇

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ် နန်ကျင်ကျေးရွာအုပ်စုအတွင်း မြစ်ကြီးနားမြို့စီးပွားရေး ဖွံ့ဖြိုးရေးဇုန် စီမံကိန်းမြေနေရာနှင့် စပ်လျဉ်း၍ မြေယာသီးနှံလျော်ကြေးပေးအပ်နိုင်ရေးအတွက် ပြည်နယ်စီးပွားရေးရာ ဝန်ကြီး ဦးမျိုးဆွေ ဦးဆောင်၍ ကော်မတီအဖွဲ့ဝင်များ၊ မြေယာပိုင်ရှင်များနှင့် ယနေ့ မွန်းလွဲ ၁ နာရီတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် မြစ်ကြီးနားစီးပွားဖွံ့ဖြိုးရေးဇုန် စီမံကိန်းဘက်စုံ ပူးပေါင်းညှိနှိုင်း ဆောင်ရွက် ရေးကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် စီးပွားရေးဝန်ကြီး ဦးမျိုးဆွေက ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်နယ်သူ၊ ပြည်နယ်သားများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိရေးအတွက် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို ဖိတ်ခေါ်ဆောင်ရွက်လျက်ရှိကြောင်း၊ ယနေ့ မြစ်ကြီးနားစီးပွား‌ဖွံ့ဖြိုး ရေးဇုန် စီမံကိန်းအကောင်အထည်ဖော်နိုင် ရေးအတွက် လျာထားမြေနေရာနှင့် စပ်လျဉ်း၍ ဥပဒေ လုပ်ထုံးလုပ်နည်းများနှင့် အညီ မြေယာသီးနှံလျော်ကြေး ပေးအပ်နိုင်ရေးအတွက် ပွင့်ပွင့်လင်း ဆွေးနွေးကြစေလိုကြောင်း တိုက်တွန်းမှာကြားသည်။

ထို့နောက် စီးပွားရေးဖွံ့ဖြိုးမှုဇုန် အကောင်အထည်ဖော်ဆောင်ရွက်မည့် လျာထားမြေနေရာအား ကွင်းဆင်း စိစစ်ရေးအဖွဲ့(လျော်ကြေးပေးအပ်ရေးအဖွဲ့)ဥက္ကဋ္ဌ၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက ကွင်းဆင်း စစ်ဆေးရေးအဖွဲ့၏ လျာထားမြေနေရာအပေါ် စိစစ်တိုင်းတာဆောင်ရွက်မှုများနှင့် မြေယာလျော်ကြေး ပေးအပ် နိုင်ရေး စစ်ဆေးဆောင်ရွက်ခဲ့မှုများကို ရှင်းလင်းဆွေးနွေးသည်။

ယင်းနောက် တက်ရောက်လာကြသည့် ကော်မတီအဖွဲ့ဝင်များနှင့် ဒေသခံခြံစိုက်လုပ်ငန်းရှင်များက စီးပွားဖွံ့ဖြိုး ရေး ဇုန်စီမံကိန်း အကောင်အထည်ဖော်မည့် အခြေအနေများ၊ လျာထားမြေနေရာ အတွင်း ပါဝင်သည့် မြေယာသီးနှံများ လျော်ကြေးပေးအပ်နိုင်ရေး/ လက်ခံရယူနိုင်ရေးတို့အတွက် စီမံဆောင်ရွက်သွားမည့် အစီအမံ များကို အသီးသီးရှင်းလင်းတင်ပြဆွေးနွေးကြရာ ပြည်နယ်ဝန်ကြီးက လိုအပ်သည်များကို ဥပဒေလုပ်ထုံး လုပ်နည်း၊ အမိန့်ညွှန်ကြားချက်များနှင့်အညီ ဖြေရှင်းဆောင်ရွက်သွားရေး၊ လိုအပ်ချက်များအပေါ် ပြည်နယ် ဝန်ကြီးချုပ်ထံ တင်ပြသွားနိုင်ရေး ညှိနှိုင်း ပေါင်းစပ်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ပြည်နယ်ပြန်/ဆက်