ဗိုလ်တထောင် ဇူလိုင် ၇
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဗိုလ်တထောင်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများ၌ တက်ရောက်ပညာသင်ကြားနေသော အသက် ၅ နှစ်မှ အသက် ၁၂ နှစ်ကြား ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးခြင်းကို ယနေ့နံနက်(၉:၀၀)နာရီက အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်း (အမျိုးသားများကျောင်း)၌ ကျောင်းသားများအား ဆက်လက်ထိုးနှံပေးကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးလှိုင်မောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဆရာဝန်ကြီးဒေါက်တာဟေမာဇော်နှင့် မြို့နယ်ပညာရေးဌာနတို့ကြီးကြပ်ပြီး မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာနှင်းအေးလွင်နှင့်ကျန်းမာရေးဝန်ထမ်းများ၊ ဆရာ၊ ဆရာမများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊ စေတနာ့ဝန်ထမ်းများက ပူးပေါင်းဆောင်ရွက်ကြကြောင်း သိရသည်။
အဆိုပါကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို အသက် ၅ နှစ်မှ အသက် ၁၂ နှစ် ကြား ကျောင်းသား(၁၆)ဦးအားပထမအကြိမ်နှင့် ကျောင်းသား(၂၈၁)ဦးအား ဒုတိယအကြိမ်ဖြင့် စုစုပေါင်း(၂၉၇)ဦးအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinopharm ထိုးနှံပေးခဲ့ကြောင်းသိရ သည်။ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးရန်ကျန်ရှိသည့် ကျောင်းသား၊ ကျောင်းသူများအားဆက်လက်၍ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ သိရသည်။
သိန်းသိန်း (ဗိုလ်တထောင်)