ဘီးလင်း ဇူလိုင် ၇
သထုံခရိုင် ဘီးလင်းမြို့နယ် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု သင်တန်းဖွင့်ပွဲကို ယမန်နေ့ နံနက်ပိုင်းက ဘီးလင်းမြို့နယ်၊ အင်းဖျားကျေးရွာရှိ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ ကျင်းပပြုလုပ်သည်။
သင်တန်းဖွင့်ပွဲတွင် ဘီးလင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမင်းထောစံကကျေးလက်နေ ပြည်သူများ တစ်ပိုင်တစ်နိုင် ကိုယ်ပိုင်လုပ်ငန်း လုပ်ကိုင်နိုင်ရန်၊ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိလာနိုင်ရန် မိသားစုဝင်ငွေတိုးပွား လာစေရန် ရည်ရွယ်ချက်ဖြင့် ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် သင်တန်းသား၊ သင်တန်းသူများကို မြို့နယ်ဦးစီးမှူး ဦးမင်းထောစံက သင်ထောက်ကူ ပစ္စည်းများ လွှဲပြောင်းပေးအပ်ခဲ့သည်။ ဆက်လက်၍ သင်တန်းနည်းပြ ဆရာမများက အသက်မွေးဝမ်းကျောင်း အထောက်အကူပြု သင်တန်းများအဖြစ် ဆပ်ပြာရည်ပြုလုပ်နည်း၊ ခေါင်းလျှော်ရည်ပြုလုပ်နည်း၊ ရေချိုးဆပ်ပြာနှင့် ဆပ်ပြာခဲပြုလုပ်နည်းများကို သင်ကြားပို့ချပေးခဲ့ရာ သင်တန်းသား၊ သင်တန်းသူ ၁၅ ဦးတို့က လေ့လာမှတ်သားခြင်း၊ လက်တွေ့ပြုလုပ်ခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။ အဆိုပါ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု သင်တန်းကို ဇူလိုင် ၆ ရက်နေ့မှ ၁၀ ရက်နေ့အထိ ၅ ရက်ကြာ စာတွေ့ လက်တွေ့သင်ကြားပို့ချပေး သွားမည်ဖြစ်ကြောင်း သိရသည်။
ထူးနောင်