ဟိုပန် ဇူလိုင် ၇
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ "ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများသည် ကျေးရွာတောင်သူများနှင့်အတူ ယနေ့နံနက်(၁၀)နာရီက မြေဆီအလွှာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုက်ပျိုးထားသည့် နယ်စပ်ဘိန်းအစားထိုးခြံ၌ သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်) ထယ်ထိုးမြေမြှုပ်ကွင်းပြပွဲတွင် လက်တွေ့သရုပ်ပြဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ဟိုပန်ခရိုင်၊ စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးလှမိုးကျော်က တောင်သူများအနေဖြင့် လက်ရှိအခြေအနေတွင် ဓာတ်မြေဩဇာဈေးနှုန်းများ မြင့်မားလာသည့်အတွက် သီးနှံများ စိုက်ပျိုးထုတ်လုပ်သည့်နေရာတွင် တစ်ဧကကုန်ကျစရိတ်များပြားခြင်း၊ ဓာတုမြေဩဇာများ ဆက်တိုက် အသုံးပြုထားခြင်းကြောင့် မြေဆီလွှာက အာဟာရဓာတ်များလျော့ကျလာခြင်း၊ သို့ဖြစ်၍ တောင်သူများအနေဖြင့် သီးနှံစိုက်ပျိုးချိန် မရောက်ခင် ယခုလိုသစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်)ပင် ကို (၄၅)ရက်သားတွင် ထယ်ထိုးမြေမြှပ်စိုက်ပျိုး၍ အစားထိုးသုံးစွဲခြင်းဖြင့် ဓာတုမြေဩဇာများ လျှော့ချသုံးစွဲရခြင်းကြောင့် တစ်ဧကကုန်ကျစရိတ်သက်သာလာပြီး အကျိုးအမြတ်များ ပိုမိုရရှိကြောင်း၊ သဘာဝပတ်ဝန်းကျင် ပျက်စီးမှုနည်းပါးစေခြင်းနှင့် ပြည်သူများအနေဖြင့် ကျန်းမာရေးနှင့်ညီညွတ်သည့် စားသုံးသီးနှံများရရှိနိုင်မှာဖြစ်ပါကြောင်း စသည့် သစ်စိမ်းမြေဩဇာသုံးစွဲခြင်း၏ အကျိုးကျေးဇူးများကို ကျယ်ကျယ်ပြန့်ပြန့် ရှင်းလင်း၍ အသိပညာပေးခဲ့ပြီး တောင်သူများအား သစ်စိမ်းမြေဩဇာကို များစွာစိုက်ပျိုးပြီး အသုံးပြုကြပါရန် အကြံပြုတိုက်တွန်း ပြောကြားခဲ့သည်။
ဆက်လက်၍ ခရိုင်ဦးစီးမှူး နှင့် ဝန်ထမ်းများက သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်)ပင် ထယ်ထိုးမြေမြှုပ်ကွင်း တစ်ဧက၌ မြေဆီလွှာတွင် လိုအပ်သော အပင်အတွက် အာဟာရဓာတ်များ ထွက်ရှိနှုန်း ဘိုင်အိုမက်စ်(Biomass)တန်ချိန်များကို လက်တွေ့တွက်ချက်ပြသခြင်းနှင့် သစ်စိမ်းမြေဩဇာဖြင့် စိုက်ပျိုးထားသည့် ယာစပါးအမျိုးမျိုး ယှဉ်ပြိုင်စမ်းသပ်ကွက်များကို လိုက်လံပြသပြီး အသိပညာပေးလက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်)ပင်ထယ်ထိုးမြေမြှပ်ခြင်းကွင်းပြပွဲတွင် ဟိုပန်မြို့နယ်အတွင်းရှိ ရွှေဝါ၊ နောင်မို၊ မန်ကောင်း၊ မန်မိုင်၊ မိန်းပန်ရှမ်းနှင့် မော်ဟွေ့ စသည့်ကျေးရွာများမှ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် တောင်သူများ စုစုပေါင်း(၃၆)ဦး တက်ရောက်လေ့လာခဲ့ကြကြောင်း ဟိုပန်ခရိုင် စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရှိရသည်။
ဇင်ဇင်(ပြန်/ဆက်)