မိတ္ထီလာမြို့နယ်တွင် ရက်ကန်းပညာကျွမ်းကျင်သည့် မျိုးဆက်သစ်များ ပေါ်ထွန်းလာစေရန် လက်ရက်ကန်း (ခြောက်လ)သင်တန်း အခမဲ့ဖွင့်လှစ်သင်ကြားပေး

မိတ္ထီလာ ဇူလိုင် ၇

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်းမှ ရက်ကန်းပညာကျွမ်းကျင်သည့် မျိုးဆက်သစ်များ ပေါ်ထွန်းလာစေရန် လက်ရက်ကန်း(ခြောက်လ)သင်တန်းကို အခမဲ့ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း ကျောင်းအုပ်ကြီး ဦးသာဝထံမှ သိရသည်။

ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်းမှ မြန်မာ့ရိုးရာရက်ကန်းပညာနှင့် တိုင်းရင်းသားများ၏ ရိုးရာရက်ကန်းပညာကိုထိန်းသိမ်းရန်၊ ရက်ကန်းပညာကျွမ်းကျင်သည့် မျိုးဆက်သစ်များ မွေးထုတ်ရန်နှင့် ခေတ်မီရက်ကန်းနည်းပညာများ တိုးတက်ပြန့်ပွားရေးတို့အတွက် လက်ရက်ကန်း၊ စက်ရက်ကန်းပညာရပ်များကို နှစ်စဉ် အခမဲ့ဖွင့်လှစ်သင်တန်းကြားပေးလျက်ရှိသည်။ ယင်းတို့ဖွင့်လှစ် သင်ကြားပေးလျက်ရှိရာမှ ယခုလက်ရက်ကန်း ခြောက်လသင်တန်းကို ဒုတိယအကြိမ်မြောက်အဖြစ် ဇူလိုင်လ ၁ ရက်နေ့မှစတင်၍ အခမဲ့ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ ၎င်းသင်းတန်းကို ဝန်ဇင်းရပ်ကွက်၊ ရန်မျိုးအောင်ရပ်ကွက်၊ အောင်းဆန်းရပ်ကွက်၊ ညောင်ပင်ကျေးရွာ၊ မဲဒီကျေးရွာ၊ ကံကြီးကုန်းကျေးရွာတို့မှ သင်တန်းသား၊ သင်တန်းသူ ၁၀ ဦး တက်ရောက်လျက်ရှိသည်။

အဆိုပါ လက်ရက်ကန်းခြောက်လသင်တန်းတွင် စက်ရက်ကန်း၊ အဖြူချွတ်ဆေးဆိုး၊ လက်ရက်ကန်း၊ အထည်ဒီဇိုင်း၊ အထည်သင်္ချာ၊ လက်ချည်မျှင်ဆွဲနှင့် ရိုးရာဂျပ်ခုတ်ဘာသာရပ်များကို ဇူလိုင်လ ၁ ရက်နေ့မှ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ နေ့စဉ်နံနက် ၈ နာရီမှ ညနေ ၄ နာရီ အချိန်အထိ စာတွေ့လက်တွေ့ သင်ကြားပို့ချပေးလျက်ရှိကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)