ကျောက်မဲမြို့နယ်မှအသက် (၅) နှစ်မှ (၁၂) နှစ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေး

ကျောက်မဲ ဇူလိုင် ၇

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်ရှိ အသက် ၅ နှစ်မှ အသက် ၁၂ နှစ် ကျောင်းသား၊ ကျောင်းသူများအား  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိရာ ယနေ့တွင် ကျောက်မဲမြို့ အထက(၁)၊ အလက(ခွဲ)အမက(၅)၊ အမက(၁/၃/၁၂/၁၃)၊ နမ့်ဟူးတောင်း မူလွန်ကျောင်းများရှိ  ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါကျောင်း (၇) ကျောင်းတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနံရန် အကျုံးဝင်သည့် ကျောင်းသား (၈၀၀) ဦးခန့်ရှိကြောင်း သိရသည်။

ကျောက်မဲမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရန် အကျုံးဝင်သည့် အသက် (၅) နှစ်မှ အသက်(၁၂)နှစ်အတွင်းရှိ ကျောင်းသားကျောင်းသူပေါင်း(၁၅၅၆၆)ဦး‌ရှိကြောင်း၊ ယမန်နေ့အထိ စာရင်းအရ ကျောင်းသား၊ ကျောင်းသူ(၁၁၂၁၄)ဦးအား ကာကွယ်ဆေး ထိုးနှံပြီးဖြစ်ကြောင်း၊  ကျန်ရှိကျောင်းများမှ ကျောင်းသားကျောင်းသူများကိုလည်း ကို‌ဗစ်-၁၉ ရောဂါ ကာကွယ်ဆေးဆက်လက်ထိုးနှံပေးမည်ဖြစ်ကြောင်း မြို့နယ်ကိုဗစ်ကော်မတီမှ သိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံပေးနေမှုများကို ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဆရာ/ဆရာမများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များက ဝိုင်းဝန်းကူညီဆောင်ရွက်ပေးလျက်ရှိပြီး ထိုသို့ကာကွယ်ဆေး ထိုးနှံပေးနေမှုတို့ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးညွှန့်ရွှေနှင့်အဖွဲ့ဝင်များက ကွင်းဆင်းကြည့်ရှုခဲ့ပြီး လိုအပ်သည်များကို ပံ့ပိုးကူညီခဲ့ကြောင်း သိရသည်။

မိုင်းထွန်း(ပြန်/ဆက်)