ဆိပ်ကြီးခနောင်တို ဇူလိုင် ၇
ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါဆက်လက် ကာကွယ်၊ ထိန်းချုပ်နိုင်ရေးအတွက် ကာကွယ်ဆေးများကို သတ်မှတ် ဦးစားပေးအုပ်စုအလိုက် ဆက်တိုက်ထိုးနှံပေးလျက်ရှိရာ အသက် ၅ နှစ်မှ ၁၂ နှစ်အရွယ် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီမှစ၍ ခနောင်တိုအနောက်ရပ်ကွက်ရှိ အမှတ်(၅)အခြေခံပညာမူလတန်းကျောင်းတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆက်လက်ထိုးနှံပေးလျက် ရှိသည်။
ကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ်သူနာပြုဆရာမကြီး ဒေါ်ခင်ပပလွင်ဦးဆောင်၍ သူနာပြုဆရာမများနှင့် ကျန်းမာရေးဝန်ထမ်းများက အဆိုပါကျောင်းရှိ အသက် ၅ နှစ်မှ ၁၂ နှစ် အရွယ် ကျောင်းသား၊ ကျောင်းသူလေးများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinopharm ဒုတိယအကြိမ်ထိုးနှံပေးလျက်ရှိပြီး ကာကွယ်ဆေးထိုးနှံပေးရာသို့ ရပ်ကွက်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဆရာ၊ ဆရာမများ၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များနှင့် လူမှုရေးပရဟိတအဖွဲ့ဝင်များက ဝိုင်းဝန်းကူညီဆောင်ရွက်ပေးလျက်ရှိသည်။
ဆိပ်ကြီးခနောင်တိုမြို့နယ်တွင် အခြေခံပညာကျောင်း ၁၇ ကျောင်းရှိရာ အသက် ၅ နှစ်မှ ၁၂ အရွယ် ကျောင်းသား၊ ကျောင်းသူ ၁၄၆၅ ဦးအား ဒုတိယအကြိမ်ကာကွယ်ဆေး ထိုးနှံပြီးစီး၍ကျန်ရှိသည့် ကျောင်းသား၊ ကျောင်းသူများကိုလည်း သက်ဆိုင်ရာကျောင်းများအလိုက် ကာကွယ်ဆေးဆက်လက် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဝေယံ (IPRD)