မိုင်းခုတ်မြို့၊ အမက(ဟိုခန့်)၌ နယ်လှည့်စာကြည့်တိုက်၊ ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပ

မိုင်းခုတ် ဇူလိုင် ၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ကျောင်းသား၊ ကျောင်းသူများ ကျောင်းစာအပြင် ပြင်ပဗဟုသုတရရှိစေရန် ရည်ရွယ်၍ ယနေ့နေ့လယ် ၁၁ နာရီကဟိုခန့်ကျေးရွာ၊ အခြေခံပညာမူလတန်းကျောင်းသို့ နယ်လှည့်စာကြည့်တိုက်၊ ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးမှူး ဒေါ်ယဉ်ယဉ်ဝင်းက စာဖတ်ခြင်းမှ ရရှိနိုင်သောအကျိုးကျေးဇူးများ၊ အာဇာနည်နေ့ဖြစ်ပေါ်လာပုံသမိုင်းကြောင်းနှင့် အာဇာနည်စိတ်ဓာတ်မွေးမြူနိုင်ရေး အကြောင်းအရာများကို အကျယ်တဝင့်ဆွေးနွေးဟောပြောသည်။

ထို့နောက် ကျောင်းသား၊ ကျောင်းသူများအား တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုကော်မတီ/အသင်းများမှ ထုတ်ဝေသည့် ရုပ်ပုံပြပုံပြင်နှင့် ကဗျာစာအုပ်များ၊ အခြားအသိပညာပေးစာအုပ်များဖြင့် နယ်လှည့် စာကြည့်တိုက်ဆောင်ရွက်ပေးကာ ကလေးအလုပ်သမားပပျောက်ရေး၊ လူကုန်ကူးမှုအန္တရာယ်နှင့်မူးယစ် ဆေးဝါးအန္တရာယ် အသိပညာပေးနံရံကပ်စာစောင်များကို ချိတ်ဆွဲပြသပြီး အသိပညာပေးလက်ကမ်း စာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ယဉ်ယဉ်ဝင်း(ပြန်/ဆက်)