လင်းခေးအခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်း ဆောင်ရွက်

လင်းခေး ဇူလိုင် ၇

ရှမ်းပြည်နယ်(တောင်ပိုင်း)လင်းခေးခရိုင်၊ လင်း‌ခေးမြို့ အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းသားကျောင်းသူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ပထမအကြိမ်(First dose) (Seconddose)ထိုးနှံပေးခြင်းကို ယနေ့နံနက် ၈ နာရီက လင်းခေးမြို့အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ မြို့နယ်ကိုဗစ်- ၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီအဖွဲ့၊ မြို့နယ်ကုသရေးနှင့်ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူတို့ပူးပေါင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။ ကာကွယ်ဆေးထိုးနှံပေးခြင်းမပြုမီ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမောင်မောင်သန်းက ကျောင်းသား ကျောင်းသူများအား တစ်ဦးချင်းအလိုက် ကျန်းမာရေးကြိုတင်စစ်ဆေးပေးခဲ့ပါသည်။

အဆိုပါ ထိုးနှံပေးရာတွင် ဖော်ပြပါကျောင်းအတွင်းရှိ အသက်၅ နှစ်မှ ၁၂ နှစ်အထိ ကျောင်းသား ကျောင်းသူများအား Sinophram (ပထမအကြိမ်)၊ (ဒုတိယအကြိမ်)နှင့် အသက် ၁၂ နှစ်မှ ၁၈ နှစ်အထိ ကျောင်းသား ကျောင်းသူများအား Myancopharm (ပထမအကြိမ်)(ဒုတိယအကြိမ်)ကာကွယ်ဆေးထိုးနှံပေးခဲ့ကြသည်။ Sinovac ကာကွယ်ဆေးအပါအဝင် အဆိုပါကျောင်းသားကျောင်းသူ စုစုပေါင်း(၃၂၁)ဦးအား ထိုးနှံပေးနိုင်ခဲ့သည်။

ထိုသို့ထိုးနှံပေးသည့်နေရာသို့ လင်းခေးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူးဦးမြို့ဆောင်နှင့် အဖွဲ့ဝင်များ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ခရိုင်နှင့်မြို့နယ်ရုံးမှ တာဝန်ရှိသူများက လာရောက်ကြည့်ရှုအားပေးခဲ့ကြပါသည်။

ယနေ့ထိုးနှံပေးခဲ့သော ကျောင်းသားကျောင်းသူများမှာ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ယခင်လုံးဝထိုးနှံထားခြင်းမရှိသေးသော အသက်၅ နှစ်မှ ၁၂ နှစ်ကလေးများအား Sinopharm ပထမအကြိမ်ထိုးနှံပေးခြင်း (၅၉)ဦး၊ ဒုတိယအကြိမ်(၁၇၅)ဦး၊ အသက် ၁၂ နှစ်မှ ၁၈ နှစ်ကျောင်း သားကျောင်းသူ Myancopharm ထိုးရန်လိုအပ်သူများ ပထမအကြိမ်(၅၅)ဦး၊ ဒုတိယအကြိမ် (၂၄)ဦး၊ Sinovac ဒုတိယအကြိမ်ထိုးရန်လိုအပ်သည့် ကျောင်းသား၊ ကျောင်းသူ(၈)ဦးတို့ကို လာရောက်ထိုးနှံပေးနိုင်ခဲ့ကြောင်း မြို့နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူထံမှ သိရသည်။

စိုင်းဇော်လတ်(လင်းခေး)