လားရှိုး ဇူလိုင် ၇
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနရုံးတွင် တိရစ္ဆာန်ကျန်းမာရေးလုပ်သားကာလတို သင်တန်း (၂/၂၀၂၂) ကို ယနေ့နံနက်ပိုင်းက ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။
တိရစ္ဆာန်ကျန်းမာရေးလုပ်သားကာလတိုသင်တန်းကို တိရစ္ဆာန်ကျန်းမာရေးတွင် ပါဝင်ပတ်သက်လျက်ရှိသော ပြည်သူပိုင်၊ ပုဂလိကပိုင် အဖွဲ့အစည်းများ၊ ပုဂ္ဂိုလ်များနှင့်စပ်လျဉ်းသည့် တိရစ္ဆာန်ကျန်းမာရေး လုပ်သားများ၏လုပ်ငန်းများ၊ ရပိုင်ခွင့်နှင့်တာဝန်များကိုဖော်ပြရန်၊ တိရစ္ဆာန်ကျန်းမာရေး လုပ်ငန်းတိုးတက်တည်တံ့ရန်၊ တိရစ္ဆာန်မွေးမြူရေးလုပ်ငန်းများ၌ စီးပွားရေးစွမ်းရည်နှင့် လူမှုအကျိုးစီးပွားမြင့်မားစေရန်၊ တိရစ္ဆာန် ဘ၀သာယာရေး၊ ဖွံဖြိုးတိုးတက်ရေးနှင့် ပြည်သူ့ကျန်းမာရေးကာကွယ်ပေးရန်၊ ဆင်းရဲမှုလျော့ကျရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးမှုကို အထောက်အကူပြုရန် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ပြီး ခရိုင်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါက်တာကျော်လွင်ဦး၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါက်တာသန်းနိုင်နှင့် ဒုတိယဦးစီးမှူး ဒေါ်သီတာစိန်တို့က သင်ကြားပို့ချပေးသွားမည်ဖြစ်သည်။ သင်တန်းတွင် တိရစ္ဆာန်ကျန်းမာရေးစမ်းသပ်စစ်ဆေးခြင်း၊ ကျန်းမာရေးလုပ်သားများ လိုက်နာရမည့်အချက်များ၊ တိရစ္ဆာန်ဆေးဝါးအသုံးပြုနည်းများ၊ နေ့စဉ်မှတ်တမ်းရေးသွင်းခြင်းများစသည့် တိရစ္ဆာန်ကျန်းမာရေးဆိုင်ရာ သင်ခန်းစာများကို သင်ကြားပို့ချသွားမည်ဖြစ်သည်။
အဆိုပါတိရစ္ဆာန်ကျန်းမာရေးလုပ်သား ကာလတိုသင်တန်း(၂/၂၀၂၂)ကို လားရှိုးမြို့နယ်ရှိ ကျေးရွာ(၈)ရွာမှ ကျန်းမာရေးလုပ်သားများ တက်ရောက်လျက်ရှိပြီး သင်တန်းကာလမှာ (၄-၇-၂၀၂၂)မှ (၁၅-၇-၂၀၂၂)ရက်နေ့ထိ စာတွေ့သင်ကြားပို့ချသွားမည်ဖြစ်ပြီး သင်တန်း ပြီးဆုံးပါက လက်တွေ့သင်ခန်းစာ(၅)လ ဆက်လက်သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
စိုင်းအောင်ကျော်စိုး