လားရှိုးမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံနေမှုအား ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် တာဝန်ရှိသူများ ကြည့်ရှုအားပေး

လားရှိုး ဇူလိုင် ၇

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိရာ ဇူလိုင်လ(၇)ရက်နေ့၊နံနက်ပိုင်းမှစ၍ ပြည်သူ့ဆေးရုံကြီး၊ မြို့တော်ခန်းမ၊ ပညာရေးဒီဂရီကောလိပ်၊ အခြေခံပညာကျောင်းများနှင့် ဒေသန္တရကျန်းမာရေးရုံးများ စသည့် ကာကွယ်ဆေးထိုးစုရပ်နေရာများတွင် ကာကွယ်ဆေးထိုးနှံခြင်းများ ဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ကာကွယ်ဆေးထိုးနှံနေမှုများကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမင်းထွန်းနှင့် တာဝန်ရှိသူများ၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်နိုင်ဦးနှင့်တာဝန်ရှိသူများ ကြည့်ရှုအားပေးခဲ့သည်။ ကာကွယ်ဆေးထိုးနှံမှုအနေဖြင့် လားရှိုးမြို့ ပြည်သူ့ဆေးရုံကြီးတွင် အသက်(၁၈)နှစ်အထက် ကာကွယ်ဆေးထိုးနှံရန်ကျန်ရှိသော ပြည်သူများ၊ Phase-10/11 ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံရန်ကျန်ရှိသူများ၊ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပြီး Booster Dose ထိုးနှံရန်ကျန်ရှိသူများအားလည်းကောင်း၊ မြို့တော်ခန်းမတွင် ပြည်နယ်/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ဝန်ထမ်းမိသားသားစုများ First/Second Dose နှင့် Booster  Dose ထိုးနှံရန်ကျန်ရှိသူများအားလည်းကောင်း၊ ဒေသန္တရကျန်းမာရေးရုံးများတွင် အသက်(၁၈)နှစ် ပြည့်ပြီးသူများအား First Dose နှင့် Booster Dose ထိုးနှံရန် ကျန်ရှိသူများအားလည်းကောင်း၊ အခြေခံပညာမူလတန်းကျောင်း(နမ့်စန်၊ ပန်ခန်၊ လွယ်လွမ့်)များတွင် အသက်(၅)နှစ်နှင့်(၁၂)နှစ်ကြား ကျောင်းသား၊ ကျောင်းသူများနှင့် နမ့်စမ်ဘုန်းတော်ကြီး ပညာသင်ကျောင်းတွင် အသက်(၅)နှစ်နှင့်(၁၂)နှစ်ကြား ကျောင်းသား၊ ကျောင်းသူများအားလည်းကောင်း သတ်မှတ်စုရပ်အသီးသီးတွင် ထိုးနှံပေးလျက်ရှိသည်။

လားရှိုးမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းအား အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိပြီး ဝန်ဆောင်မှုလုပ်ငန်းဆောင်ရွက်လျက်ရှိသော ဟိုတယ်များ၊ တည်းခိုခန်းများ၊ စားသောက်ဆိုင်များရှိ ဝန်ထမ်းများကိုလည်း ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

စိုင်းအောင်ကျော်စိုး