ရသေ့တောင် ဇူလိုင် ၆
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့နယ်အတွင်းရှိ အသက် (၅)နှစ်မှ အသက်(၁၂)နှစ်အထိ အခြေခံပညာအဆင့် ကျောင်းသား/သူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်ပညာရေးဌာနတို့ ပူးပေါင်းပြီး မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ဆေးထိုးစုရပ်နေရာများ ခွဲကာ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Sinopharm)ကို ယနေ့နံနက်(၁၀)နာရီအချိန်က ပထမအကြိမ်နှင့် ဒုတိယအကြိမ်အား ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ (Sinopharm)အမျိုးအစား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများကို ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ရေးလမ်းညွှန်ချက်များနှင့်အညီ မြို့နယ် ပြည်သူ့ကျန်းမာရေးဝန်းထမ်းများက ထိုးနှံပေးလျက်ရှိသည်။ ဆေးထိုးနှံရန် လာရောက်သူများအား ကိုယ်ပူချိန်တိုင်းတာ ခြင်းနှင့် ကျန်းမာရေးစစ်ဆေးမှုများ ဆောင်ရွက်ခဲ့သည်။
ထို့နောက် ဆေးထိုးနှံပြီးသည့်သူများကို မိနစ်(၃၀)ခန့် စောင့်ကြည့်ပြီးမှ ပြန်လည် ထွက်ခွါခွင့်ပြုကြောင်း သိရသည်။
ရသေ့တောင်မြို့နယ်အတွင်းရှိ ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး ထိုးနှံကြသည့် ကျောင်းသား/သူများ အဆင်ပြေ ချောမွေ့စွာ ထိုးနှံနိုင်စေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်ပညာရေးဌာနမှ တာဝန်ရှိသူများ၊ လူမှုကူညီရေး အသင်းဝင်များက ဝိုင်းဝန်း ပူးပေါင်း ကူညီ ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
ထွန်းလင်းကျော် (ပြန်/ဆက်)