သိန္နီ ဇူလိုင် ၇
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့ စည်ပင်သာယာရေးဌာနမှ ပြည်သူများ အသုံးပြုသွားလာလျက်ရှိသောလမ်းများ ပိုမိုကောင်းမွန်စေရေးအတွက် ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ သိန္နီမြို့ရပ်ကွက်(၃)အတွင်းရှိ စကားဝါလမ်းအား ကတ္တရာလမ်းခင်းခြင်းလုပ်ငန်းသည် (၈၀%)ဆောင်ရွက်ပြီးစီးကြောင်း သိရသည်။
ထိုသို့ ကတ္တရာလမ်းခင်းခြင်းလုပ်ငန်းကို မြို့နယ်စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဦးညီညီမောင်၏ ကြီးကြပ်မှုဖြင့် ယာဉ်၊ စက်၊ ယန္တယား၊ နည်းပညာအကူအညီများအသုံးပြု၍ ဆောင်ရွက်ခြင်းဖြစ်သည်။ အဆိုပါလမ်းသည် ယခင်က ကျောက်ချောလမ်းဖြစ်ပြီး ယခုအခါ ပြည်နယ်ရန်ပုံငွေကျပ်(၃၈၀၀၀၀၀) (သုံးသိန်းဆယ့်ရှစ် သိန်းတိတိ)ဖြင့် ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်ခြင်းဖြစ်သည်။ အဆိုပါ ကတ္တရာလမ်းခင်းပြီးပါက ဒေသခံပြည်သူများ အဆင်ပြေစွာသွားလာနိုင်မည်ဖြစ်ပြီး ဝါတွင်းသတင်းဥပုတ်သီလ ဆောက်တည်ကြမည့်သူများအနေဖြင့်လည်း ပိန်းအွယ်ဘုန်းတော်ကြီးကျောင်းသို့ ရာသီမရွေးသွားလာနိုင်မည်ဖြစ်ကြောင်း တာဝန်ခံအင်ဂျင်နီယာ ဦးဇေယျာမင်းထွန်းထံမှ သိရသည်။
စောဥမ္မာ(သိန္နီ)