ပုဏ္ဏားကျွန်း ဇူလိုင် ၇
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၌ ကျောင်းအခြေပြု အသက် ၅ နှစ်မှ ၁၂ နှစ်အထိ၊ ကျောင်းသား၊ ကျောင်းသူများအား မိဘအုပ်ထိန်းသူတို့၏ ခွင့်ပြုချက်ဖြင့် ပထမအကြိမ်နှင့် ဒုတိယအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံခြင်းကို ယနေ့၊ နံနက်ပိုင်းတွင် ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ဆက်လက် ထိုးနှံပေးလျက်ရှိသည်။
ထိုသို့ ကွင်းဆင်းထိုးနှံခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှရွှေနှင့် အဖွဲ့ဝင် များ ဦးဆောင်မှုဖြင့် ပညာရေးဝန်ထမ်းများနှင့် ပူးပေါင်းကာ ဆရာ၊ ဆရာမတို့က ကာကွယ်ဆေး ထိုးနှံမည့် ကျောင်းသား၊ ကျောင်းသူများအား စာရင်းကောက်ယူကာ ကျန်းမာရေးဝန်ထမ်းများက ကာကွယ်ဆေးမထိုးနှံခြင်းမပြုမီ ကျန်းမာရေးစစ်ဆေးမှုများအား ဆောင်ရွက်ပေးပြီး၊ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် သတ်မှတ် စည်းကမ်းချက်များနှင့်အညီ ကိုဗစ်-၁၉ ကာကွယ်ဆေးများအား ထိုးနှံပေးခဲ့သည်။
ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းသားမိဘ၊ အုပ်ထိန်းသူတို့၏ ခွင့်ပြုချက်ဖြင့် ယမန်နေ့က ပထမအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေးအား သတ်မှတ်နေရာ(၁၃)ခု၌ ကျောင်းသား၊ ကျောင်းသူ(၃၁၉)ဦးနှင့် သတ်မှတ်နေရာ(၁၄)ခုတွင် ကျောင်းသား၊ ကျောင်းသူ(၁၅၁၅)ဦးတို့ကို ဒုတိယအကြိမ်အဖြစ် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးနိုင်ခဲ့ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
နီထွန်းအောင် (ပြန်/ဆက်)