မြစ်သား ဇူလိုင် ၇
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်အတွင်းရှိရပ်ကွက်ကျေးရွာများမှ ဆီးချို၊ သွေးတိုးရောဂါဝေဒနာရှင်များအား ကျန်းမာရေး(အခမဲ့)ကုသပေးခြင်းကို အပတ်စဉ်ဗုဒ္ဓဟူးနေ့တိုင်း ကုသပေးလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းကလည်း မြို့နယ်ပြည်သူ့ဆေးရုံ၌ဝေဒနာရှင် (၄၂)ဦးအား ကုသပေးခဲ့ကြောင်းသိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြစ်သားမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာသန့်ဇင်က ဆီးချို၊ သွေးတိုး ရောဂါကာကွယ်နိုင်ရန်အတွက် ကိုယ်လက်လှုပ်ရှားမှု အနဲဆုံးနာရီဝက်ပြုလုပ်ရန်၊ အသီးအရွက်များ များစားပေးရန်၊ ချိုလွန်းငံလွန်းသောအစားအစာများမစားသုံးရန်၊ ရေများများသောက်သုံးရန်၊ သန့်ရှင်း လတ်ဆတ်သောအစားအစာများကို ရွေးချယ်စားသုံးရန်၊ ဆီးချို၊ သွေးတိုးရောဂါဖြစ်လျှင် မှန်မှန် ပြသခြင်းဖြင့် နောက်ဆက်တွဲရောဂါဆိုးများ မဖြစ်စေရန်နှင့်ကြိုတင်ကာကွယ်နိုင်ကြစေရန် အသိပညာပေးဆွေးနွေးပြောကြားသည်။ထို့နောက် ဒေါက်တာ သန့်ဇင်နှင့်ကျန်းမာရေးဝန်ထမ်းများက မြို့နယ်အတွင်းမှ လာရောက်ပြသကြသည့် ဆီးချိုသွေးတိုးရောဂါဝေဒနာ ရှင်မိဘပြည်သူများအား သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ လူနာဟောင်းများအား ဆီးချို၊ သွေးချိုတက်/မတက်စစ် ဆေးပေးခြင်း၊ လူနာသစ်များအားဆီးချို၊ သွေးချိုရှိ/မရှိစစ်ဆေးပေးခြင်း၊ ရောဂါအလိုက်လိုအပ်သည့်ဆေးဝါးများဖြင့် ကုသပေးခြင်းများဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ ရောဂါဝေဒနာရှင်များအတွက်ကျန်းမာရေး(အခမဲ့)စစ်ဆေးပေးခြင်းကို အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း နေ့စဉ်နံနက်(၉)နာရီမှနေ့လယ် (၁၂)နာရီထိ ဆီးချိုသွေးတိုးရောဂါဝေဒနာရှင်များအတွက် ကျန်းမာရေးအခမဲ့စစ် ဆေးဆောင်ရွက်ခြင်းကို အလေးထားကာဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဒေါက်တာသန့်ဇင်ထံမှ သိရသည်။
သီတာအောင်(မြစ်သား)