ကျောက်ပန်းတောင်း ဇူလိုင် ၇
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ် အခြေခံပညာကျောင်းများတွင် အသက်(၅)နှစ်မှ (၁၂)နှစ်အထိ ကလေးငယ်များအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးခြင်းကို ယနေ့နံနက် (၉)နာရီအချိန်မှ စတင်၍ အခြေခံ ပညာအထက်တန်းကျောင်း စုရပ်(၄)ခုတွင် ထိုးနှံပေးခဲ့ကြောင်းသိရသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံခြင်းကို မြို့နယ်ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ အနီးကပ်ကြီးကြပ်မှုဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများ၊ ပညာရေးဝန်ထမ်းများ ပူးပေါင်းဆောင်ရွက်ခြင်း ဖြစ်ကြောင်းသိရပြီး၊ အခြေခံပညာကျောင်းအသီးသီးရှိ အသက်(၅)နှစ်မှ အသက်(၁၂)ထိကလေးငယ်များ ကို အမှတ်(၁)အ.ထ.က၊ အမှတ်(၂)အ.ထ.က၊ မြို့ရှေ့အ.ထ.ကနှင့် လေးရွာ အ.ထ.က တို့တွင်စုရပ်များဖွင့်လှစ်၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinopharm) ထိုးနှံပေးခြင်းဖြစ်ကြောင်း သိရသသည်။ ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံခြင်းများကို ဇွန်လ(၃)ရက်နေ့တွင် စတင်ထိုးနှံပေးခဲ့ ကြောင်းသိရပြီး၊ အဆိုပါ ပထမအကြိမ်ကာကွယ်ဆေးထိုးနှံမှုတွင် ကျောင်းသား/ကျောင်းသူ စုစု ပေါင်း (၉၅၀၀)ထိုးနှံပေးခဲ့ကြောင်းနှင့် ယခုဒုတိယအကြိမ်ထိုးနှံသည့် ပထမနေ့တွင် စုရပ်လေးခုမှ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၁၆၀၅)ဦး ထိုးနှံခဲ့ကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)