မိုးညှင်း ဇူလိုင် ၇
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းတက္ကသိုလ်တွင် ဘာသာရပ်ပေါင်းစုံ ကြက်ခြေနီ ရှေးဦးပြုစုခြင်း (အခြေခံ) အဆင့် သင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့ နံနက်(၁၀)နာရီက ရတနာခန်းမ၌ ကျင်းပခဲ့သည်။
အဆိုပါ အခမ်းအနားတွင် တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာမဉ္ဇူမင်းက အဖွင့်အမှာစကား ပြောကြားပြီး ကချင်ပြည်နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ ပြည်နယ်တပ်ဖွဲ့မှူး ဦးချစ်ဖေက မြန်မာ နိုင်ငံကြက်ခြေနီအသင်း၏ လုပ်ငန်းနှင့် ပတ်သက်၍ ဆင်းရဲဘေးဒုက္ခ နည်းပါးသက်သာစေရန်၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ လုပ်ငန်း စဉ်(၃)ရပ်ဖြစ်သည့် ကျန်းမာရေးမြင့်တင်ရန်၊ ရောဂါဘေး တားဆီးရန်နှင့် ဘေးဒုက္ခကျရောက်သူများကို ကူညီရန် စသည့်လုပ်ငန်းတာဝန်များ လုပ်ဆောင်နေ ကြောင်း ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ပြည်နယ်ကြက်ခြေနီအသင်းမှ မိုးညှင်းတက္ကသိုလ်တွင် အရေးပေါ်အသုံးပြုနိုင်ရန် ဆေးအိတ်များ ကို အမှတ်တရလက်ဆောင်အဖြစ် ပေးအပ်ကာ အခမ်းအနားတွင် တက်ရောက်လာကြ သည့် တာဝန်ရှိသူများက သင်တန်းသား၊ သင်တန်းသူများအား သင်တန်းဆင်း လက်မှတ်များနှင့် ထူးချွန်ဆုများ ရရှိကြသူများကို ဆုများ အသီးသီးချီးမြှင့် ပေးအပ်ခဲ့သည်။
ထို့နောက် သင်တန်းသား၊ သင်တန်းသူများမှ လူနာများအား ရှေးဦးသူနာပြုစုခြင်းများကို လက်တွေ့ သရုပ်ဖော် ပြသခဲ့ပြီး ထိုသင်တန်းတွင် သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း(၆၀)ဦး ပါဝင်တက်ရောက်ခဲ့ကြောင်း တက္ကသိုလ်ပါမောက္ခချုပ်ထံမှ သိရသည်။
ဇွဲသူရအောင်(ပြန်/ဆက်)