မြင်းခြံ ဇူလိုင် ၇
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ် သာပေါင်းကျေးရွာတွင် ၂၀၂၂-၂၀၂၃ ခုနှစ် ပြည်ထောင်စုရန်ပုံငွေ အစီအစဉ်ဖြင့် ချည်မျှင်ရှည်ဝါ မျိုးစေ့ထုတ် ဧက (၁၀၀) စံပြကွက် ထောက်ပံ့ပစ္စည်းပေးအပ်ပွဲကို ယမန်နေ့နေ့လယ် (၃) နာရီအချိန်တွင် သာပေါင်းမြစ်ရေတင် ရှင်း လင်းဆောင်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြင်းခြံခရိုင်စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးသိန်းဝင်းက ချည်မျှင်ရှည်ဝါ မျိုးစေ့ထုတ် ထောက်ပံ့ပစ္စည်းများပေးအပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး တာဝန်ရှိသူများမှ မျိုးစေ့ထုတ်များ၊ကွန်ပေါင်း မြေဩဇာ၊လူးနယ်ဆေးနှင့် စိုက်ပျိုးရေး အသိ ပညာပေး လက်ကမ်းစာစောင်များအား ချည်မျှင်ရှည်ဝါ မျိုးစေ့ထုတ်ဧက (၁၀၀) စိုက်ပျိုးမည့် တောင်သူ (၅၂) ဦးအား အသီးသီးပေးအပ်ခဲ့ကြသည်။
ဆက်လက်၍ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်တာဝန်ခံ ဦးမျိုးထွန်းမှ ဝါမျိုးစေ့ထုတ် စိုက်စနစ်များနှင့် သွင်းအားစုများ ထည့်သွင်း နည်းစနစ်များ၊ ပိုးမွှားရောဂါ ကာကွယ်နှိမ်နင်းနည်း များအား ပညာပေးဆွေးနွေးပြောကြားပြီး တောင်သူများအား မျိုးစေ့နှင့် သွင်းအားစုများ ပံ့ပိုးပေးအပ်ခဲ့ကြသည်။ အဆိုပါ အခမ်းအနားသို့ ခရိုင်စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးသိန်းဝင်းနှင့် တာဝန်ရှိသူများ၊ မြို့နယ်တာဝန်ခံ ဦးမျိုးထွန်းနှင့် ဝန်ထမ်းများ၊ သာပေါင်းမြစ်ရေတင်တာဝန်ခံ ဦးတင်ထွန်းအေးနှင့် ချည်မျှင်ရှည်ဝါ မျိုးစေ့ထုတ်စိုက်ပျိုးမည့် တောင်သူ များ တက်ရောက်ခဲ့ကြောင်း သိရသည်။
ကျော်စွာ(မြင်းခြံ)