မိုးမိတ်မြို့နယ်တွင် ငလျင်ဘေးအန္တရာယ် သဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့် သရုပ်ပြ

မိုးမိတ်  ဇူလိုင် ၇

ရှမ်းပြည်နယ်(မြောက်ပိုင်း)မိုးမိတ်ခရိုင် မိုးမိတ်မြို့နယ်တွင် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာနနှင့် ခရိုင်ကြက်ခြေနီတပ်ဖွဲ့ အသင်းဝင်များက ပူးပေါင်း၍ ငလျင်ဘေးအန္တရာယ် သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့် သရုပ်ပြခြင်းကို ယနေ့နံနက် ၉ နာရီခွဲအချိန်က အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာ၌ ယမန်နေ့က မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်စန္ဒာရွှေက ငလျင်ဘေးအန္တရာယ်အကြောင်းနှင့် ဇာတ်တိုက်လေ့ကျင့်နိုင်ရေးအတွက် ကျောင်းသား၊ ကျောင်းသူများအား အသိပညာပေးဟောပြောခြင်း၊ ဒုတိယဦးစီးမှူး ဦးရဲဇော်ဦးက သဘာဝဘေးအန္တရာယ် များထဲမှ မိုးကြိုးဘေးအန္တရာယ်အကြောင်းကို ဟောပြောခဲ့ကြသည်။

ဆက်လက်ပြီး ငလျင်ဘေးအန္တရာယ်နှင့်ပတ်သက်၍ ငလျင်ဘေးအန္တရာယ်သဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်းနှင့် ပတ်သက်၍ မြို့နယ်မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များက ရှာဖွေကယ်ဆယ်ရေးအတွက်သရုပ်ပြခြင်း၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များက ရှေးဦးသူနာပြုစုနည်းသရုပ်ပြခြင်း၊ ငလျင်အန္တရာယ်ကင်းမဲ့ဇုံမြေပုံကို ကျောင်းသား၊ကျောင်းသူ(၃)ဦးစီပါဝင်သော အဖွဲ့(၃)ဖွဲ့မှ ရေးဆွဲစေပြီး ဆုလက်ဆောင်များချီးမြှင့်ခဲ့ကြသည်။

ထိုတို့ဆောင်ရွက်ရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဘော်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများက၊ မြို့နယ်ပညာရေးမှူးနှင့် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

မိုးမိတ်သား(စည်သူဌေး)