လှည်းကူး ဇူလိုင် ၇
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်တွင် ကျောင်းနေအရွယ်ကလေးတိုင်း ပညာရေးကို သင်ယူခွင့်ရရှိနိုင်ရေးနှင့် ကိုဗစ်-၁၉ ရောဂါမှကင်းဝေးပြီး ကျန်းမာပျော်ရွှင်စွာပညာသင်ယူနိုင်ရေးအတွက် အသက်(၅)နှစ်မှ(၁၂)နှစ်ထိ အခြေခံပညာကျောင်းသား/သူများအား ကျောင်းအခြေပြုကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်(၉)နာရီတွင် မလစ်ကျေးရွာရှိ အခြေခံပညာအလယ်တန်းကျောင်းခွဲတွင် အသက် (၅)နှစ်မှ (၁၂)နှစ်အထိ ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပြီးသူများအား ဒုတိယအကြိမ်ထိုးနှံပေးခြင်းလုပ်ငန်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းတွင် ကျန်းမာရေးဝန်ထမ်းများ၊ ဆရာ/မများ၊ ကျောင်းသားမိဘများပူးပေါင်း၍ ဆောင်ရွက်ပေးခြင်းဖြစ်ပြီး ကျောင်းသား/သူများအား ကာကွယ်ဆေးမထိုးနှံမီ ကျန်းမာရေးစစ်ဆေးခြင်းဆိုင်ရာအချက်များကိုမေးမြန်းခြင်း၊ ကျန်းမာရေးစစ်ဆေးပေးခြင်း၊ ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ စိုးရိမ်ရသည့် ရောဂါလက္ခဏာရှိ/မရှိမေးမြန်းပြီးမှသာ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinopharm ကို ထိုးနှံပေးခဲ့ကြောင်း ၊ သတ်မှတ်ထားသည့်ရက်များအတိုင်းကျန်ရှိသည့် ကာကွယ်ဆေးထိုးစုရပ်များသို့သွားရောက်ပြီး ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးကသိရှိရသည်။
အေးအေးနွဲ့ (ပြန်/ဆက်)