လှည်းကူး ဇူလိုင် ၇
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်တွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေများကို လက်ဝယ်အရောက်ပေးအပ်လျက်ရှိရာ ယနေ့နံနက်(၉)နာရီက လှည်းကူးမြို့နယ်၊ သူငယ့်ချောင်ကျေးရွာအုပ်စု၌ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်များကို ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်စာရေးဝန်ထမ်းများတို့က လက်ဝယ်အရောက်ကွင်းဆင်း၍ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါထောက်ပံ့ငွေများပေးအပ်ရာတွင် တာဝန်ရှိသူတို့က သူငယ့်ချောင်ကျေးရွာအုပ်စုအတွင်းရှိ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ပထမ(၃)လပတ်အတွက် နိုင်ငံတော်မှထောက်ပံ့သည့်လူမှုရေးပင်စင်တစ်ဦးလျှင် ငွေကျပ်(၃၀၀၀၀/-)နှုန်းကို အဘိုး၊ အဘွားများ လက်ဝယ်အရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
အေးအေးနွဲ့ (ပြန်/ဆက်)