ကျောက်ဆည်မြို့နယ်တွင် စိုက်ပျိုးသီးနှံများ ရေပြည့်ဝစွာပေးဝေနိုင်ရေး မင်းရဲမြောင်းမှ တိုက်ရိုက်ရေပေးပြွန်(၅)လုံး ပြန်လည်ပြုပြင်ပေး

ကျောက်ဆည် ဇူလိုင် ၇

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် စိုက်ပျိုးသီးနှံများ ရေပြည့်ဝစွာပေးဝေနိုင်ရေး မင်းရဲမြောင်းမှ တိုက်ရိုက်ရေပေးပြွန်(၅)လုံးအား ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် မန္တလေးတိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေကျပ်(၃၀)သန်းဖြင့် ပြန်လည်ပြုပြင်ပေးလျက်ရှိကြောင်း သိရှိရသည်။

အဆိုပါ ရေပြွန်များပြန်လည်ပြုပြင်ရာတွင် သတ်မှတ်အရည်သွေးနှင့် သတ်မှတ်ကာလအတွင်းပြီးစီးရေး မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ယူပြီး ပေတိုင်အမှတ်အာဒီ(၇+၄၀၀))နှင့် အာဒီ(၉+၉၃၀)အတွင်းရှိ အရှည်(၂၀)ပေ၊ အကျယ်(၁၂) လက်မပြွန် (၁)လုံး၊ အရှည်ပေ(၂၀)၊ အကျယ်(၉)လက်မပြွန်(၃)လုံး၊ အရှည်(၂၀)ပေ၊ အကျယ်(၆)လက်မပြွန် (၁)လုံး စုစုပေါင်း သံကူကွန်ကရစ်ရေပေးပြွန်(၅)လုံးအား ပြန်လည်ပြုပြင်ပေးလျက်ရှိကြောင်းနှင့် ရေပြွန်များရေရှည်ခိုင်မာရေးနှင့် ရေအလေအလွင့်နည်းစေရန်အတွက် ရေပြွန်ထိပ်နဖူးစည်းများတွင် ကျောက်သားနံရံစီခြင်း၊ ထိန်းချုပ်ရေတံခါးတပ်ဆင်ခြင်းများ ပါဝင်ကြောင်းသိရှိရသည်။

ရေပြည့်ဝစွာပေးဝေနိုင်ရေးအတွက် တိုက်ရိုက်ရေပေးပြွန်များ ဆောင်ရွက်ပြီးပါက သီးနှံမျိုးစုံ (၄၀၀)ဧကအတွက် စိုက်ပျိုးရေများပေးဝေရာတွင် ထိန်းချုပ်ရေတံခါးများဖြင့် လွယ်ကူစွာ အဖွင့်အပိတ်ပြုလုပ်နိုင်သောကြောင့် ရေများပေးဝေရာတွင် ရေအလေအလွင့်ဆုံးရှုံးမှုနည်းပါးစွာဖြင့် စိုက်ပျိုးသီးနှံများ အောင်မြင်သည်အထိ လိုအပ်သည့်ရေပမာဏပြည်ဝစွာ ပေးဝေနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။

သက်မောင်(ကျောက်ဆည်)