ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်းကျင်းပ

ကျောက်ဆည်  ဇူလိုင်  ၇

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းတို့ ပူးပေါင်းပြီး စာရေးဆရာ ရနံ့သိုက်ရေးသားသည့် “သင့်အနာဂတ်ကို သင်ကိုယ်တိုင်ဖန်တီးယူပါ” စာအုပ်အားယနေ့နံနက်(၁၀) နာရီအချိန်က လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်း သိရသည်။

စာဖတ်ဝို်ငးတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးက “သင့်ဘဝကသင့်အလုပ်ပါ”၊ “စီမံကိန်းချလုပ်ဆောင်ခြင်း”၊ “ကိုယ့်ဘဝကိုယ့်အချိန်”၊ “အစီအစဉ်ဆွဲ လုပ်ဆောင်လိုက်ပါ”၊ “စိတ်၏စေရာ”၊ “အနာဂတ်ဟာအခွင့်အရေး”၊ “ရည်ရွယ်ချက်မှအောင်မြင်မှုသို့” စသည့် အကြောင်းအရာများကို ရှင်းလင်းဆွေးနွေးခဲ့သည်။ 

ထို့နောက် မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းဥက္ကဋ္ဌ၊ စာရေးဆရာ မောင်ခိုင်ကျော်(ကျောက်ဆည်)ကလည်း “မိမိဆန္ဒအတိုင်းသာ”၊ “သင့်ရဲ့ဘဝ သင့်ရဲ့အတွေး”၊ “အခုဘဲစတင်ပါ”၊ “ကြောက်စိတ်ကို ပြောင်းလဲလိုက်”၊ “ဘဝဆိုတာသီချင်းတစ်ပုဒ်”၊ “ကြီးကျယ်စွာတွေးကြံပါ” စသည့် အကြောင်းအရာများကို ထပ်မံရှင်းလင်းဆွေးနွေးခဲ့ရာ စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသည့် စာပေချစ်မြတ်နိုးသူများက သိရှိလိုသည့် အကြောင်းအရာများကို ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)