သီပေါမြို့နယ်တွင် မြန်မာနိုင်ငံကြက်ခြေနီအသင်းရှေးဦးပြုစုခြင်း အခြေခံသင်တန်း(၃/၂၀၂၂)ဆင်းပွဲ ကျင်းပ

သီပေါ ဇူလိုင် ၇

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်ကြက်ခြေနီအသင်းခွဲ၊ လားရှိုးမြို့ International Committee of the Red Cross Myanmar (ICRC) အဖွဲ့နှင့်ရှမ်းစာပေနှင့် ယဉ်ကျေးမှုကော်မတီတို့ ပူးပေါင်း၍ဖွင့်လှစ်သော ရှေးဦးပြုစုခြင်းအခြေခံသင်တန်း(၃/၂၀၂၂)ဆင်းပွဲကို ယမန်နေ့ညနေ ၄ နာရီက ရွှေကျောင်းရိပ်သာတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ သီပေါမြို့နယ်ကြက်ခြေနီအသင်းခွဲတပ်ဖွဲ့မှူး ဒေါ်နန်းခင်ညွန့်လူက သင်တန်းလာရောက် ဖွင့်လှစ်ပေးသောလားရှိုးမြို့ (ICRC)မှတာဝန်ရှိသူများနှင့် ရှမ်းစာပေနှင့်ယဉ်ကျေးမှုကော်မတီမှ တာဝန်ရှိသူများအား ကျေးဇူးတင်ရှိပါကြောင်း၊ သင်တန်းကိုစိတ်ဝင်စားစွာဖြင့် တက်ရောက်သော သင်တန်းသားများနှင့် သင်ကြားပြသပေးသောနည်းပြများအား ကျေးဇူးတင်ရှိပါကြောင်း၊ သင်တန်းမှရရှိသော အသိပညာများဖြင့် မိမိပတ်ဝန်းကျင်ကို အကျိုးပြုစေလိုကြောင်း၊  ၂၀၂၂ ခုနှစ် ကမ္ဘာကြက်ခြေနီနေ့ဆောင်ပုဒ်ဖြစ်သော “ကြင်နာစိတ်ထားကြက်ခြေနီများ လူတိုင်းအပေါ်ကူညီသွား” ဆိုသည့်အတိုင်း မိမိ၏မိသားစုနှင့် ပတ်ဝန်းကျင်ကို ကူညီဆောင်ရွက်သွားကြစေလိုကြောင်း စသည်ဖြင့် ပြောကြားခဲ့သည်။

ဆက်လက်၍ သင်တန်းသားများမှ သင်ခန်းစာများအား လက်တွေ့သရုပ်ပြသဆောင်ရွက်ခဲ့ကာ သင်တန်းသားတစ်ဦးမှ ကျေးဇူးတင်စကားပြောကြားခဲ့သည်။ ထို့နောက် ထူးချွန်ဆုရရှိသောသင်တန်းသားများအား ဂုဏ်ပြုဆုများနှင့် သင်တန်းဆင်းလက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့ကာ အမှတ်တရမှတ်တမ်းဓာတ်ပုံများ စုပေါင်းရိုက်ကူးခဲ့ကြကြောင်းနှင့်မြို့နယ်အတွင်းရှိ ကျေးရွာ(၁၂)ရွာမှ သင်တန်းသား(၂၀)ဦးတက်ရောက်ခဲ့ပြီး သင်တန်းအား ဇူလိုင်လ(၄)ရက်နေ့မှ (၆)ရက်နေ့အထိ (၃)ရက်ကြာဖွင့်လှစ်သင်ကြားပို့ချပေးခဲ့ခြင်းဖြစ်ကြောင်း  သီပေါမြို့နယ်ကြက်ခြေနီအသင်းခွဲမှ သိရသည်။

ခင်လေး(သီပေါ၊ပြန်/ဆက်)