ရန်ကင်းမြို့နယ်၌ (၂၃)ကြိမ်မြောက် ဆို၊ က၊ ရေး၊ တီးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး   လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်

ရန်ကင်း ဇွန် ၇

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်အနေဖြင့် (၂၃)ကြိမ်မြောက် ဆို၊ က၊ ရေး၊ တီးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၁၃:၀၀ နာရီက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းမင်းလတ်က အဖွင့်အမှာစကားပြောကြားရာတွင် ရန်ကင်းမြို့နယ်အနေဖြင့် (၂၃)ကြိမ်မြောက် ဆို၊ က၊ ရေး၊ တီးပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ကြိုတင်လေ့ကျင့်မှုများ ပြုလုပ်ကြရန်၊ ပြိုင်ပွဲများအား စနစ်တကျရွေးချယ်ယှဉ်ပြိုင်စေရန်၊ ပြိုင်ပွဲကြီးတွင် မိမိတို့တတ်စွမ်းသည့်အနုပညာဖြင့် ပါဝင်ယှဉ်ပြိုင်ဖို့ဆောင်ရွက်ရန်နှင့် ပြိုင်ပွဲတွင်ထူးချွန်ဆုများရရှိရေးအတွက် တက်ရောက်လာသော ပညာရှင်များနှင့် မြို့မိမြို့ဖများမှ ဝိုင်းဝန်းပံ့ပိုးစေလိုကြောင်း ပြောကြားသည်။

ထို့နောက် တက်ရောက်လာကြသော သဘင်အဖွဲ့အစည်းများမှ တာဝန်ရှိသူများက မိမိတို့၏ဆောင်ရွက်ထားရှိမှု အခြေအနေများအား တင်ပြဆွေးနွေးကြကာ အစည်းအဝေးကို ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါကြိုတင်တားဆီးကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကျင်းပခဲ့ကြောင်း သတင်းရရှိသည်။

အိရွှေစင် (ပြန်/ဆက်)