နမ္မတူမြို့နယ် အသက် (၅)နှစ်မှ (၁၂)နှစ်အတွင်းရှိ ကျောင်းသား/ကျောင်းသူ (၃၀၀)ဦးအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေးများ စတင်ထိုးနှံပေး

နမ္မတူ ဇူလိုင် ၇

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် ကျောင်းနေအရွယ် ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ဖို့ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးကြပါစို့ ဆောင်ပုဒ်နှင့်အညီ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ ယမန်နေ့တွင် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းရှိ ပညာရောင်ခြည်ခန်းမ၌ အသက်(၅)နှစ်မှ (၁၂)နှစ်အတွင်းရှိ ကျောင်းသားကျောင်းသူ(၃၀၀)ဦးအား ဒုတိယအကြိမ် (Sinopharm) အမျိုးအစား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ထိုသို့ ထိုးနှံပေးရာတွင် မြို့နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများက ဇွန်လ(၈)ရက်နေ့တွင် ပထမအကြိမ် ကာကွယ်ဆေးထိုးနှံထားသည့်အသက် (၅)နှစ်မှ(၁၂)နှစ်အတွင်းရှိ ကျောင်းသားကျောင်းသူ (၃၀၀)ဦးအား ယခုဒုတိယအကြိမ်အဖြစ် (Sinopharm) အမျိုးအစား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများအား ကာကွယ်ဆေးတစ်လုံးလျှင် (၅)ဦးနှုန်းဖြင့် ထိုးနှံပေးခြင်းဖြစ်ကြောင်း နမ္မတူမြို့နယ် ပြည်သူ့ဆေးရုံအုပ် ဒေါက်တာအောင်လွင်ထံက သိရသည်။

နမ္မတူမြို့နယ်တွင် ဇွန်လ(၈)ရက်နေ့မှစတင်၍ အသက်(၅)နှစ်မှ (၁၂)နှစ်အတွင်းရှိ ကျောင်းသားကျောင်းသူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ ယနေ့ နံနက်ပိုင်းအချိန်ထိ ပထမအကြိမ်ကာကွယ်ဆေးထိုးနှံပြီးသည့် ကျောင်းသားကျောင်းသူ (၃၂၈၄)ဦးနှင့် ဒုတိယအကြိမ်ကာကွယ်ဆေးထိုးနှံပြီးသည့်ကျောင်းသားကျောင်းသူ (၃၀၀)ဦး၊ စုစုပေါင်းကျောင်းသားကျောင်းသူ (၃၅၈၄)ဦးအား ကာကွယ်ဆေးထိုးနှံနိုင်ခဲ့ပြီဖြစ်ကြောင်း မြို့နယ်ပညာရေးမှူး ဦးစောဝင်းဌေးထံက သိရသည်။     

လူမော် (ပြန်/ဆက်)