ဒဂုံမြောက် ဇူလိုင် ၇
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်အတွင်းရှိ အသက်(၅)နှစ်မှ အသက်(၁၂)နှစ်အထိ အခြေခံပညာကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးလွှမ်းခြုံမှုရရှိစေရန် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ဦးဆောင်မှုဖြင့် မြို့နယ်ပညာရေးဌာနနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ယနေ့နံနက်ပိုင်းတွင် အမှတ်(၁)အခြေခံပညာမူလတန်းကျောင်း၊ အမှတ်(၄)အခြေခံပညာမူလတန်းကျောင်း၊ အမှတ်(၁၂)အခြေခံပညာမူလတန်းကျောင်း၊ အမှတ်(၁၃)အခြေခံပညာမူလတန်းကျောင်းတို့မှ ကျောင်းသား၊ ကျောင်းသူများအား ဒုတိယအကြိမ်(Sinopharm) ကာကွယ်ဆေးဆက်လက် ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ကာကွယ်ဆေးထိုးနှံပေးရာတွင် ကျောင်းသား၊ ကျောင်းသူလေးများအား လူစုလူဝေးမဖြစ်ပေါ်စေရေးနှင့် လာရောက်ထိုးနှံကြသည့် ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေချောမွေ့စွာထိုးနှံနိုင်စေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ပညာရေးဌာနမှ ဆရာ၊ ဆရာမများ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ် ကြက်ခြေနီအသင်းဝင်များ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည်များ ဝိုင်းဝန်းပူးပေါင်းကူညီ ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် အခြေခံပညာမူလတန်းကျောင်း(၂၅)ကျောင်းရှိရာ ယနေ့တွင်မူလတန်းကျောင်း(၄)ကျောင်းမှ ကျောင်းသား၊ ကျောင်းသူ (၁၄၄)ဦးအား ပထမအကြိမ်နှင့် (၅၇၂)ဦးအား ဒုတိယအကြိမ် ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သတင်းရရှိသည်။
မြင့်မြင့်ရီ