ဆီဆိုင်မြို့နယ်တွင် မိုးရာသီစုပေါင်းသစ်ပင်များ စိုက်ပျိုး

ဆီဆိုင် ဇူလိုင် ၇

ရေထွက်ပင်ရင်းမှ နွေရာသီရေခန့်ခြောက်မှု မဖြစ်ပေါ်စေရေးအတွက် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ကျေးရွာသူ/ကျေးရွာသားတို့သည် ယမန်နေ့နံနက် ၈ နာရီက မိုးရာသီ စုပေါင်းသစ်ပင်များစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

သစ်ပင်များစိုက်ပျိုးရာတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှူး ဒေါ်အိအိခင်နှင့် ဝန်ထမ်းများ၊ ကျေးရွာသူ/ကျေးရွာသားများတို့စုပေါင်း၍ ပင်စုံကျေးရွာအုပ်စု၊ နန်းဩကျေးရွာ ရေထွက်၊ လွယ်ပွတ်ကျေးရွာအုပ်စု၊ ထီရီးကျေးရွာရေထွက်နှင့် နောင်ကျောကျေးရွာအုပ်စု၊ နောင်ရင်းဒုံကျေးရွာရေထွက်တို့၌ ကျွန်းပင်(၇၀၀)၊ စိန်ပန်းပြာပင်(၄၀၀)နှင့် ဝက်သစ်ချပင်(၂၀၀)၊ စုစုပေါင်း ပျိုးပင်(၁၃၀၀)ပင်အား တပျော်တပါး စုပေါင်းသစ်ပင်စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

မျိုးမြတ်(ဆီဆိုင်)