သာစည်မြို့နယ်တွင် ကူးစက်ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် အခြေခံတိရစ္ဆာန်ကျန်းမာရေးလုပ်သား သင်တန်းဖွင့်လှစ်ပို့ချ

သာစည် ဇူလိုင် ၇

မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက တိရစ္ဆာန်များတွင် ဖြစ်ပွားတတ်သော ကူးစက်ရောဂါများ ကာကွယ်ထိန်းချုပ်ရန် ရည်ရွယ်ပြီး မြို့နယ်အတွင်းရှိ   အခြေခံတိရစ္ဆာန်ကျန်းမာရေး လုပ်သားများအား စာတွေ့သင်တန်းကို ယနေ့နံနက် ၉ နာရီခွဲ အချိန်က  မြို့နယ်ရုံး၌ ပို့ချပေးလျက်ရှိကြောင်းသိရသည်။

အဆိုပါသင်တန်းမှာ ကာလတို ငါးလကြာဖြစ်ကြောင်း သိရပြီး စာတွေ့သင်တန်းကာလမှာ ဇွန် ၃၀ ရက်မှ ဇူလိုင်၁၃ ရက်ထိဖြစ်ပြီး ကျန်သင်တန်းကာလများတွင် မြို့နယ်ဦးစီးမှူးရုံး၏ ကြီးကြပ်မှုဖြင့် လက်တွေ့လေ့လာကွင်းဆင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း  သိရသည်။  သင်တန်းတွင် စည်းမျဉ်းများနှင့် နည်းပညာပိုင်းဆိုင်ရာများ၊ တိရစ္ဆာန်အမျိုးအစားများနှင့် ဖြစ်ပွားတတ်သော ရောဂါများ၊ စီမံခန့်ခွဲခြင်း အပိုင်းသုံးပိုင်းဖြင့်သင်ကြားသွားမည်ဖြစ်ပြီး အခြေခံတိရစ္ဆာန်ကျန်းမာရေးလုပ်သားများ၏ တာဝန်များ၊ ဘက်တီးရီးယား၊ ဗိုင်းရပ်စ်၊ ကပ်ပါးကောင် စသည်ဖြင့် ရောဂါဖြစ်စေသောအကြောင်းရင်းများနှင့်ရောဂါလက္ခဏာများ၊ ပဋိဇီဝဆေးများ၊ကာကွယ်ဆေး ကုသဆေးနှင့်  အထောက်အကူပြုဆေးဝါးများအကြောင်း၊ မှတ်တမ်းထားရှိခြင်းများ စသည်ဖြင့်သင်ခန်းစာ ၅၄ မျိုးသင်ကြားပေးမည်ဖြစ်ကြောင်းသိရသည်။ သင်တန်းကာလပြီးဆုံးပါက ဆန်းစစ်ချက်ဖြေဆိုရမည်ဖြစ်ပြီးအောင်မြင်သူများအား အိမ်ထောင်စုတစ်စုစီအား ဝန်ဆောင်မှုပေးခြင်း၊ ပြည်သူများအား  အသိပညာဖြန့်ဝေခြင်းနှင့် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနနှင့် ပူးပေါင်း၍ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် အသိအမှတ်ပြုလက်မှတ်  ထုတ်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။

အဆိုပါသင်တန်းတွင် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ  ဦးစီးအရာရှိ ဒေါက်တာ ဝေဝေနှင်းနှင့်  ဒုတိယဦးစီးမှူးလေးဦးတို့က ပို့ချပေးပြီး သင်တန်းသား ၂၀ ဦးတက်ရောက်ကြောင်းသိရသည်။  

မြို့နယ်(ပြန်/ဆက်)