မိုးနဲမြို့နယ်၌ (၇၅)နှစ်မြောက် ဒုတိယ စိန်ရတုအားဇာနည်နေ့အထိမ်းအမှတ် အကြိုဟောပြောပွဲကျင်းပ

မိုးနဲ   ဇူလိုင်   ၇

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ်တွင် (၇၅)နှစ်မြောက် ဒုတိယစိန်ရတု အာဇာနည်နေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲကို ယမန်နေ့နံနက် ၉ နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း ပုလဲဆောင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားကို အောင်ဆန်းဇာနည်ကဗျာဖြင့် မူလတန်း‌ ကျောင်းသား/ ကျောင်းသူလေးများက ‌သီဆိုဖွင့်လှစ်ပေးခဲ့‌ကြောင်း သိရသည်။

အခမ်းအနားတွင်  မြို့နယ်ပညာရေးမှူး ဒေါ်ခင်မိုးဆွေက (၇၅)နှစ်မြောက် စိန်ရတုအာဇာနည်နေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲများဆောင်ရွက်ရခြင်းနှင့် စပ်လျဉ်း၍ အဖွင့်အမှာစကားပြောကြားပြီး အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းသန်းသန်းဌေးက ဟောပြောပွဲ‌ကျင်းပရခြင်း၏ ရည်ရွယ်ချက်များကိုလည်းကောင်း၊ အထက်တန်းပြဆရာမ ဒေါ်ကြည်ပြာနှင်းက အာဇာနည်နေ့ဖြစ်ပေါ်လာရခြင်းကိုလည်းကောင်း အသီးသီးရှင်းလင်း ပြောကြားခဲ့ကြသည်။

ဆက်လက်၍ ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် အာဇာနည်ခေါင်းဆောင်ကြီးများဖြစ်ကြသော ဦးဘဝင်း၊ မန်းဘခိုင်၊ မိုင်းပွန်စော်ဘွားကြီးစပ်စံထွန်း၊ ဦးရာဇာတ်၊ ဒီးဒုတ်ဦးဘချို၊ သခင်မြ၊ ဦး‌အုန်းမောင်နှင့်ရဲဘော်ကိုထွေးတို့၏ အတ္ထုပ္ပတ္တိအကျဉ်းကို ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူလေးများက အသီးသီးဟောပြောခဲ့ကြသည်။

အဆိုပါ ဟောပြေပွဲကို နှစ်ပေါင်းတစ်ရာကျော် သူ့ကျွန်ဘဝကျရောက်ခဲ့သော မြန်မာနိုင်ငံတော်အား လွတ်လပ်ရေးရှိဆောင် စွမ်းဆောင်ပေးခဲ့ပြီး ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျဆုံးခဲကြသော ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည် ခေါင်းဆောင်ကြီးများကို ကျောင်းသား လူငယ် လူရွယ်များအမြဲ အမှတ်မှတ်ထင်ထင် သတိရနေစေရန်အတွက် ရည်ရွယ်၍ဟောပြောပွဲကို ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)