မောင်တော ဇူလိုင် ၇
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံပြီးစီးသော ဦးတည်အုပ်စုတွင် ပါဝင်သူများအား ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက သတ်မှတ်စုရပ်နေရာများတွင် ဆက်လက်ထိုးနှံပေးခဲ့ကြသည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးကြပ်ပြီး မြို့နယ်ကုသရေးဦးစီးမှူး ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများက ကာကွယ်ဆေး ထိုးနှံခြင်းမပြုမီ စာရင်းများ မှတ်ယူခြင်း၊ လာရောက်ထိုးနှံသည့်သူများအား ကိုယ်အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန် တိုင်းတာပေးခြင်း၊ သွေးတွင်းအောက်စီဂျင်ပမာဏ တိုင်းတာခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်းများကို ဆောင်ရွက်ပေးကာ ပုံမှန်အခြေအနေရှိမှသာ စနစ်တကျ ကာကွယ်ဆေး ထိုးနှံပေးပြီး ထိုးနှံပြီးသည့် သူများကို မိနစ် ၃၀ ခန့် အနားယူစေသည်။
အဆိုပါ ထပ်ဆောင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး Booster Dose ထိုးနှံပေးခြင်းကို ယနေ့ နံနက်ပိုင်းက နိုင်ငံ့ဝန်ထမ်း ၁ ဦး၊ ပညာရေးဝန်ထမ်း ၇ ဦး၊ ပြည်သူ ၅၁၀ ဦး စုစုပေါင်း ၅၁၈ ဦးအား ဆက်လက်ထိုးနှံပေးခဲ့ပြီး ဇူလိုင် ၆ ရက်နေ့ထိ ထပ်ဆောင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Booster Dose ထိုးနှံ ပြီးစီးသူ ၂၃၀၁၆ ဦးအား ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ဆက်လက်ထိုး နှံပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။
အောင်ကျော်စိန်၊ သက်လွင်စိုး (ပြန်/ဆက်)