ပုသိမ်ကြီး ဇူလိုင် ၇
မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ ပုသိမ်ကြီးမြို့နယ် သစ်တောဦးစီးဌာနတွင် ဒေသခံအစုအဖွဲ့ပိုင် သစ်တောလုပ်ငန်း (၁၃၂)ဧကအား တည်ထောင်ခွင့်လက်မှတ်ပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့မွန်းလွဲ ၃ နာရီက မြို့နယ်သစ်တောဦးစီးဌာန၌ ကျင်းပသည်။
ရှေးဦးစွာ မန္တလေးခရိုင် သစ်တောဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမြအောင်က ဒေသခံပြည်သူများ၏ အစုအဖွဲ့ပိုင် သစ်တောတည်ထောင်ခြင်းနှင့် ပတ်သက်၍ ရရှိလာမည့် အကျိုးကျေးဇူးများ၊ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားပြီး၊ မြို့နယ်သစ်တော ဦးစီးအရာရှိ ဦးဝင်းထိုက်က ပြောကြားရာတွင် ပုသိမ်ကြီးမြို့နယ် သစ်တောဦးစီးဌာနအတွင်းရှိ မယ်ဥတောင်ကြိုးပြင်ကာကွယ်တော၊ တောင်ကျွန်းနှင့် တောင်ကျွန်းတိုးချဲ့ကြိုးဝိုင်းများအတွင်း ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောလုပ်ငန်း (၁၃၂)ဧကအား အသုံးပြုသူအဖွဲ့ (၇)ဖွဲ့၊ အိမ်ထောင်စု (၄၁)စုအတွက် တည်ထောင်ခွင့်လက်မှတ်များ ပေးအပ်ခြင်းဖြစ်ကြောင်း၊ အဆိုပါသစ်တောကြိုးဝိုင်းများအတွင်း စိုက်ပျိုးရန် ပျိုးပင်များကိုလည်း သစ်တောဦးစီးဌာနမှ အခမဲ့ထုတ်ပေးမည်ဖြစ်ပြီး၊ သတ်မှတ်ထားသည့် စည်းကမ်းများအကြောင်းအား အကျယ်တဝန်း ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ ဒေသခံပြည်သူများ၏ အစုအဖွဲ့ပိုင် သစ်တောတည်ထောင်ခွင့်လက်မှတ်ပေးအပ်ခြင်း အခမ်းအနားသို့ မန္တလေးခရိုင် သစ်တောဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးဦးမြအောင်၊ မြို့နယ်သစ်တောဦးစီးအရာရှိ ဦးဝင်းထိုက်နှင့် ဝန်ထမ်းများ၊ သစ်တောလုပ်ငန်း စိုက်ပျိုးတည်ထောင်မည့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဇာနည်ကိုကို