ဟိုပန် ဇူလိုင် ၇
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့နယ်တွင် အနာဂတ်လူငယ်များ ချစ်ခင်ရင်းနှီးပြီး စည်းလုံးညီညွှတ်မှုရှိကာ ပူးပေါင်းပါဝင် ဆောင်ရွက်တက်သည့် အလေ့အကျင့်ကောင်းများရရှိကြစေရန်နှင့် ကျန်းမာကြံ့ခိုင်သော လူငယ်မျိုးဆက်သစ် အားကစားသမားများ ပေါ်ထွက်လာစေရန်တို့ကို ရည်ရွယ်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဖလား အသက်(၁၆)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ (၂)နာရီက ဟိုပန်မြို့မအားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ဟိုပန်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲဝင်းထိုက် က အဖွင့်အမှာစကားပြောကြားပြီး အသက်(၁၆)နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ကစားကြမည့် ဘောလုံးအသင်းများမှ အားကစားအဓိဌာန် သံပြိုင်ရွတ်ဆိုခဲ့ကြသည်။
ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ဘောလုံးပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် အားကစားအသင်းများအား လိုက်လံနှုတ်ဆက်အားပေးခဲ့ကြပြီး ဘောလုံးပြိုင်ပွဲကို စတင်ခဲ့ရာ အုပ်စု(က)မှ ပထမပွဲစဉ်တွင် ပန်ကောက်အသင်းနှင့် ပန်လုံလမ်း အသင်း၊ ဒုတိယပွဲစဉ်တွင် ဈေးရပ်ကွက်အသင်းနှင့် ရှမ်းလူငယ်(ခ)အသင်းတို့က ယှဉ်ပြိုင်ကစားခဲ့ကြသည်။
အဆိုပါ ဘောလုံးပြိုင်ပွဲကို ဟိုပန်မြို့နယ်အတွင်းရှိ ကျေးရွာ၊ ရပ်ကွက်များမှ အသက်(၁၆)နှစ်အောက် လူငယ်အမျိုးသားဘောလုံးအသင်း(၁၀)သင်း ဝင်ရောက်ယှဉ်ပြိုင် ကစားသွားကြမည်ဖြစ်ကြောင်း ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီမှ သိရှိရသည်။
ခရိုင်(ပြန်/ဆက်)