ဂွမြို့နယ်တွင် အသက်(၅)နှစ်မှ (၁၂) နှစ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ်နှင့် ဒုတိယအကြိမ်ထိုးနှံ

ဂွ ဇူလိုင် ၆

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများနှင့် ဘုန်းတော်ကြီး ပညာသင်ကျောင်းများမှ အသက်(၅)နှစ်မှ (၁၂)နှစ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများကို ယနေ့နံနက်ပိုင်းက ပထမအကြိမ်နှင့် ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinopharm) ကို သက်ဆိုင်ရာ စုရပ်ကျောင်းများတွင် ထိုးနှံပေးလျက်ရှိသည်။

ကာကွယ်ဆေးများ ထိုးနှံပေးရာတွင် အသက် (၅)နှစ်မှ အသက်(၁၂)နှစ်အထိ ကျောင်းသား/ကျောင်းသူများအား Sinopharm ကာကွယ်ဆေး ပထမအကြိမ်အဖြစ် KG တန်းမှ ၉ ဦး၊ Grade-1 မှ ၅ ဦး၊ Grade-2 မှ ၉ ဦး၊ Grade-3 မှ ၈ ဦး၊ Grade-4 မှ ၁၃ ဦး၊ Grade-5 မှ ၁၀ ဦး၊ စုစုပေါင်း (၅၄) ဦးနှင့် ဒုတိယအကြိမ် Sinopharm ကာကွယ်ဆေးကို KG တန်းမှ-၂၉ဦး၊ Grade-1 မှ ၅၄ ဦး၊ Grade-2 မှ ၄၇ ဦး၊ Grade-3 မှ ၄၄ ဦး၊ Grade-4 မှ ၄၂ ဦး၊ Grade-5 မှ ၁၅ ဦး၊ Grade-7 မှ ၁ ဦး၊ စုစုပေါင်း (၂၃၂) ဦးတို့က လာရောက်ထိုးနှံခဲ့ကြောင်းနှင့် ကျန်ရှိသော ကျောင်းသား/ကျောင်းသူများကို သတ်မှတ်ထားသော အခြေခံပညာကျောင်းများရှိ စုရပ်နေရာများ၌ ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထိုသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက မြို့နယ်အတွင်းရှိ အသက်(၅)နှစ်မှ အသက်(၁၂)နှစ်အထိ ကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများကို ကျန်းမာရေးဝန်ကြီးဌာန က ထုတ်ပြန်ထားသည့် ကိုဗစ် - ၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ထိုးနှံပေးလျက်ရှိပြီး၊ ဆေးထိုးနှံပြီးသည့်သူများကို မိနစ်(၃၀)ခန့် စောင့်ကြည့်ပြီးမှ ပြန်လည်ထွက်ခွာခွင့်ပြုခဲ့ကြောင်း သိရသည်။

ရွှေရည်ဝင်းကျော်