ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူး၍ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားတက်ရောက်

စစ်တွေ ဇူလိုင် ၆

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကကြီးမှူး၍ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ လောကာနန္ဒာစေတီတော်ပရဝုဏ်အတွင်းရှိ သာသနာ့ဗိမာန်တော်ကြီး၍ ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် ဖိတ်ကြားထားသူများတက်ရောက်ကြသည်။

ရှေးဦးစွာ အခမ်းအနားကို ကြွရောက်တော်မူကြသော သံဃာတော်အရှင်သူမြတ်များနှင့် ပြည်နယ်ဝန်ကြီးချုပ် အမှူးပြုသော ဧည့်ပရိတ်သတ်များက နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ကြပြီး စစ်တွေမြို့၊ ကြွဖြူကျောင်းတိုက်ပဓာနနာယကဆရာတော် ဘဒ္ဒန္တတေဇဝန္တ မဟာထေရ်မြတ်ထံ မှ ဧည့်ပရိတ်သတ်များက ငါးပါးသီလခံယူဆောက်တည်ကြသည်။ ထို့နောက် ကြွရောက်တော်မူကြသော သံဃာတော်အရှင်သူမြတ်များက မေတ္တသုတ် ပရိတ်တရားများ ရွတ်ပွားချီးမြှင့်တော်မူကြပြီး ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်းက သာသနာရေးဆိုင်ရာများ လျှောက်ထားသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ် အစိုးရအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက သံဃာတော်အရှင်သူမြတ်များအား ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုများကို ဆက်ကပ်လှူဒါန်းကြသည်။ ယင်းနောက် ပြည်နယ်ဩဝါဒါစရိယ၊ စစ်တွေမြို့၊ ဓမ္မသုခကျောင်းတိုက် ပဓာနနာယက၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ ဘဒ္ဒန္တသောမ မဟာထေရ်မြတ်ထံမှ ပြည်နယ်ဝန်ကြီးချုပ် အမှူးပြုသော ဧည့်ပရိတ်သတ်များက အနုမောဒနာတရား နာယူကြပြီး လှူဒါန်းမှုအစုစု တို့အတွက် ရေစက်သွန်းချအမျှပေးဝေကြသည်။ ထို့နောက်အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ် ရွတ်ဆိုဆုတောင်း၍ ရုပ်သိမ်းပြီး သံဃာတော်အရှင်သူမြတ်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ယနေ့တွင်ပြည်နယ်အတွင်းရှိ မြို့နယ်(၁၇)မြို့နယ်မှ ထေရ်ကြီဝါကြီး ဆရာတော်ကြီးများ၊ သံဃအဖွဲ့အစည်းအဆင့်ဆင့်မှ ဆရာတော် ၁၄၆ ပါးတို့အား သင်္ကန်း၊ ဆန်၊ ဆီနှင့် ဆေးများကို တစ်ပါးလျှင်ကျပ် ၂၄၅၀၀၀ နှုန်းဖြင့် စုစုပေါင်း ၃၅၇၇၀၀၀၀ ကိုလည်း မြို့နယ်များတွင် တာဝန်ရှိသူများက ဆက်ကပ်လှူဒါန်းလျက်ရှိကြောင်း သိရသည်။

တင်ထွန်း(ပြန်/ဆက်)