ကျိုက်မရော ဇူလိုင် ၆
ကျောင်းနေအရွယ်ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားခွင့်ရရှိနိုင်ရေးအတွက် အသက် ၅ နှစ်မှ အသက်၁၂နှစ်အထိ အခြေခံပညာကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံပေးခြင်းကို ယနေ့နံနက်ပိုင်းက အ.မ.က မူလွန် ကလိုင်းကနိုင်ကျောင်းခန်းမ၌ ထိုးနှံပေးလျက်ရှိသည်။
ကျောက်းအခြေပြုကိုဗစ် ၁၉-ရောဂါ ကာကွယ်ဆေးထိုးပေးရာ၌ ပထမအကြိမ် ထိုးနှံပေးပြီးသည့် ကျောင်းသား၊ ကျောင်းသူစုစုပေါင်း (၄၅၀)ဦးတို့အား ဒုတိယအကြိမ် ထပ်မံထိုးနှံပေးခြင်းဖြစ်ပြီး ကာကွယ်ဆေးထိုးစုရပ် ကျောင်းအသီးသီး၌ ဒုတိယအကြိမ်ထိုးနှံရန် ကျန်ရှိနေသည့် ကျောင်းသားကျောင်းသူများအားလုံးကို ကျန်းမာရေးဝန်ထမ်းများက အလှည့်ကျ မိုဘိုင်းစနစ်ဖြင့် လှည့်လည်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကျိုက်မရောမြို့နယ်တွင် ကျောင်းအခြေပြူကာကွယ်ဆေးထိုးနှံပေးသည့် ဆေးထိုးစုရပ်ပေါင်း (၁၇)ခုထားရှိပြီး ကာကွယ်ဆေးထိုးလုပ်ငန်းများကို ရာနှုန်းပြည့်ပြီးစီးရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်ကြီးကြပ်မှုဖြင့် ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများနှင့် ဆရာ၊ ဆရာမများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ကျောင်းသားမိဘများက ပူးပေါင်းပါဝင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ချိုမြတ်မြတ်ထွေး( ကျိုက်မရော)