နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေး စီမံကိန်းဖြင့်ဆောင်ရွက်သည့် အကျိုး ဆောင်တောင်သူများထံ ဝါးပျိုးပင်ပေးအပ်ပွဲသို့ တက်ရောက်

လယ်ဝေး ဇူလိုင် ၆

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်သည် စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဋ္ဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးနှင့် တာဝန်ရှိသူများလိုက်ပါလျှက် ယနေ့ နံနက်(၈)နာရီက လယ်ဝေးမြို့ အောင်သာကျေးရွာအုပ်စု၊ အောင်သပြေကျေးရွာတွင် ကျင်းပသည့် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ အထူးရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်သည့် စီမံကိန်း၏ လုပ်ငန်းအစီအစဉ်များထဲမှ တစ်ခုဖြစ်သည့် အကျိုးဆောင်တောင်သူများထံသို့ ဝါးပျိုးပင်ပေးအပ်ပွဲ အခမ်းအနားသို့တက်ရောက်ခဲ့သည်။

ရှေးဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်က အမှာစကားပြောကြားရာတွင် နေပြည်တော်ကောင်စီနယ်မြေသည် နိုင်ငံတော်၏ မြို့တော်ဖြစ်သည့်အတွက် ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများကို အဓိကထားဆောင်ရွက်ပြီး Green City, Clean City, Smart City အဖြစ် တိုးတက်အောင်ဆောင်ရွက်၍ အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ စံပြနယ်မြေ တစ်ခုဖြစ်စေရေး၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းများကို အောင်မြင်စေရေး ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါကြောင်း နေပြည်တော်ဒေသအတွင်း သီးနှံမျိုးစုံနှင့် တိရိစ္ဆာန်အစာပင်များ အလွယ်တကူစိုက်ပျိုးနိုင်မည့်အားသာချက်များရှိပြီး Green Economy, Green Growth ဖော်ဆောင်နိုင်မည့် နှစ်ရှည်အကျိုးပြုနိုင်မည့် ဝါးစိုက်ပျိုးရန် ဧရိယာများပေါများသည့် အားသာချက်များလည်းရှိပါကြောင်း၊ ဝါးစိုက်ခင်းများတည်ထောင်နိုင်ရန်အတွက် အကျိုးဆောင်တောင်သူများကို ပျိုးပင်များပေးအပ်၍ စိုက်ပျိုးရေးလုပ်ငန်းများ မြှင့်တင်ပေးနေသည့် အစီအစဉ်များကို အကောင်အထည်ဖော်ဆောင်ရွက်နေသည်ကိုလည်း အားရဖွယ်တွေ့ရှိရပါကြောင်း မြန်မာနိုင်ငံ လူဦးရေအများစုသည် ကျေးလက်ဒေသတွင်နေထိုင်၍ စိုက်ပျိုးရေးအခြေပြု စီးပွားရေးလုပ်ငန်းများမှ ဝင်ငွေရရှိအောင် ဆောင်ရွက်နေသည့် နည်းလမ်းများအပြင် ယခုလို နှစ်ရှည်အကျိုးမြတ် ရရှိနိုင်မည့်  ဝါးပင်များစိုက်ပျိုးခြင်းဖြင့် မိသားစုဝင်ငွေကို တစ်ဖက်တစ်လမ်းမှ အကျိုးပြုနိုင်မှာဖြစ်ကြောင်း လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အညီ ဒေသဖွံ့ဖြိုးရေးမှစ၍ နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုနိုင်မှာဖြစ်ကြောင်း အကျိုးဆောင် တောင်သူများအနေဖြင့် ဝါးစိုက်ပျိုးခြင်းနှင့် မျစ်ထုတ်လုပ်သည့်လုပ်ငန်းများအား အခြားတောင်သူများထံသို့လည်း အသိပညာဖြန့်ဝေးပေးရန် တိုက်တွန်းပါကြောင်း စသည်ဖြင့် ပြောကြားခဲ့သည်။

ထို့နောက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဋ္ဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးက စိုက်ပျိုးရေးနှင့်မွေးမြူရေးကဏ္ဍ တိုးတက်ကောင်းမွန်အောင် နည်းလမ်း အမျိုးမျိုးဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း မိမိတို့နိုင်ငံတွင် စိုက်ပျိုးမြေ အလုံအလောက်ရှိသည့်အတွက် သီးနှံအမယ်စုံ စိုက်ပျိုးရမှာဖြစ်သလို သီးနှံစိုက်ပျိုးနိုင်ခြင်း မရှိသောမြေများတွင် နှစ်ရှည်အကျိုး မြတ်ခံစားရနိုင်သည့် ဝါးစိုက်ပျိုးခြင်းကို အောင်မြင်ဖြစ်ထွန်းအောင် စိုက်ပျိုးနိုင်လိမ့်မည်ဟု ယုံကြည်ပါကြောင်း ဝါးစိုက်ခင်းမှသည် အရည်အသွေးမြင့်မားသည့် မျစ်ထုတ်လုပ်သည့် လုပ်ငန်းများအထိ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်၍ ဈေးကွက်ရှာဖွေကာ ပြည်ပသို့တင်ပို့နိုင်သည်အထိ ဆောင်ရွက်ကြရမှာဖြစ်ကြောင်း သို့မှသာ ဝါးစိုက်ပျိုးသူတောင်သူများအနေဖြင့် ဝင်ငွေတိုးတက်လာပြီး လူနေမှုအဆင့် အတန်းလည်း မြင့်မားလာမည်ဖြစ်ကြောင်း ယခုစီမံကိန်းမှ ထောက်ပံ့ပေးသည့် ဝါးပျိုးပင်များအား ကောင်းစွာထိန်းသိမ်းစောင့်ရှောက်ပြီး ရေရှည်တည်တံ့အောင် ဆောင်ရွက်ကြပါရန် တိုက်တွန်းပြောကြားသည်။ ထို့နောက် စိုက်ပျိုးရေးစီမံကိန်းဦးစီးဋ္ဌာနမှ ညွှန်ကြားရေးမှူး ချုပ် ဦးကျော်ဆွေလင်းက စီမံကိန်းဆိုင်ရာအကြောင်းအရာများနှင့် ကျေးရွာ၏လူမှုစီးပွားဘဝအခြေ အနေများအား ရှင်းလင်းတင်ပြသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်က အကျိုးဆောင်တောင်သူတစ်ဦးထံသို့ ဝါးပျိုးပင်များ လွှဲပြောင်းပေးအပ်သည်။ ဆက်လက်၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဋ္ဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး၊ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းနှင့် တာဝန်ရှိသူများက အကျိုးဆောင်တောင်သူများထံ ဝါးပျိုးပင်များ လွှဲပြောင်းပေးအပ်ခဲ့ပြီး အကျိုးဆောင်တောင်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် အောင်သပြေကျေးရွာရှိ ဝါးစိုက်တောင်သူ ဦးမြင့်အောင်၏ မြေတစ်ဧကတွင် ကလွေဝါးပျိုးပင်များအား အမှတ်တရ စိုက်ပျိုးခဲ့ကာ ဒေသခံပြည်သူများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။

မြို့နယ်(ပြန်/ဆက်)