သိန္နီ ဇူလိုင် ၆
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့နယ်တွင် တိရစ္ဆာန်များ၏ ကျန်းမာရေးကို လက်လှမ်းမီစွာကုသနိုင်ရေး၊ ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများရရှိရေးအတွက် ရည်ရွယ်၍ တိရစ္ဆာန်ကျန်းမာရေးအကူလုပ်သားသင်တန်းဖွင့်လှစ်ခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က သိန္နီမြို့ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနရုံးခန်းမတွင် ဆောင်ရွက်ခဲ့သည်။
ဖွင့်ပွဲအခမ်းအနားတွင် လားရှိုးခရိုင်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာကျော်လွင်ဦးက သင်တန်းတွင်တက်ရောက်လာကြသည့် သင်တန်းသား၊ သင်တန်းသူများအား မိမိတို့ဒေသတွင် မွေးမြူထားသော အိမ်မွေးတိရစ္ဆာန်များကို လက်လမ်းမီစွာ ကုသနိုင်ရေး၊ ဒေသအတွင်း အလုပ်အကိုင်အခွင့်အလမ်းများရရှိနိုင်ရေး၊ တိရစ္ဆာန်များ ရောဂါကင်းရှင်းစွာဖြင့် ပြည်တွင်း၊ ပြည်ပသို့ရောင်းချနိုင်ရေး၊ နိုင်ငံတော်၏ လိုအပ်ချက်အား တစ်ထောင့်တစ်နေရာမှ ပါဝင်ဆောင်ရွက်၍ မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ သင်တန်းအား ဖွင့်လှစ်ပို့ချခြင်းဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးသည်။ ဆက်လက်၍ မြို့နယ်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာမျိုးမင်းအောင်က သင်တန်းသား၊ သင်တန်းသူများနေဖြင့် သင်တန်းတွင်ကြိုးစားသင်ယူခြင်းဖြင့် မိမိတို့၏အိမ်မွေးတိရစ္ဆာန်များအား ထိရောက်စွာ ကုသနိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။ ထို့နောက် တိရစ္ဆာန်ရောဂါကာကွယ်ထိန်းချုပ်ရေး ဓါတ်ခွဲခန်းသုတေသနအရာရှိ ဒေါက်တာတိုးမောင်မောင်ဇော်က ကာကွယ်ရေးနှင့် ကုသရေးနည်းလမ်းများကို ရှင်းလင်းဆွေးနွေးခဲ့သည်။
သင်တန်းတွင် သိန္နီမြို့နယ်အတွင်းရှိရပ်ကွက်(၂)ရပ်ကွက်၊ ကျေးရွာအုပ်စု(၁၁)စု၊ ကျေးရွာ(၁၄)ရွာ မှ သင်တန်းသား၊ သင်တန်းသူစုစုပေါင်း (၁၇)ဦး တက်ရောက်သင်ကြားလျက်ရှိပြီး သင်တန်းကာလမှာ ဇူလိုင်လမှ နိုဝင်ဘာလအထိ(၅)လတာ သင်တန်းပို့ချပေးသွားမည်ဖြစ်ပြီး သင်တန်းပြီးဆုံးပါက သင်တန်း ဆင်းလက်မှတ်များကို နိုင်ငံတော်မှပေးအပ်သွားမည်ဖြစ်ကြောင်း၊ သင်တန်းဆင်းပြည်သူများအနေဖြင့် မိမိတို့ရပ်ကွက်နှင့်ကျေးရွာများတွင် မွေးမြူထားသောတိရစ္ဆာန်များကို ကုသနိုင်မည်ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဒေါက်တာမျိုးမင်းအောင်ထံမှ သိရသည်။
စောဥမ္မာ(သိန္နီ)