ကျောက်ဆည်မြို့နယ်တွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

ကျောက်ဆည် ဇူလိုင် ၆

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် ယနေ့မွန်းလွဲ(၂) နာရီခွဲက သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အသိပညာပေးဟောပြောပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးက သဘာဝပတ်ဝန်းကျင်ကောင်းမွန်စေရေးသည် တစ်ဦးတစ်ယောက်ကောင်းဖြင့် လုပ်ဆောင်၍ မရနိုင်သောကြောင်း၊ ထို့ကြောင့် ကျောင်းသား /ကျောင်းသူများ၊ ပြည်သူများအားလုံး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားကြစေလိုကြေင်း၊ စက်ရုံများနှင့်မော်တော်ယာဉ်များမှထွက်ရှိသော မီးခိုငွေ့များ၊ ရေဆိုးများနှင့် လူတို့၏စည်းကမ်းမဲ့အမှိုက်စွန့်ပစ်ခြင်းများကြောင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုများ ရှိလာနိုင် သောကြောင့် မိမိကိုယ်တိုင်ကစပြီး မိမိပတ်ဝန်ကျင်နေရာများကို သန့်ရှင်းသပ်ရပ်စွာ နေထိုင်သွားကြစေလိုကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်ပြီး ဦးစီးအရာရှိဒေါ်ခင်နှင်းရီက စည်းကမ်းသည်လူ၏တန်ဖိုးဆိုသည့်အတိုင်း ကျောင်းသား/ကျောင်းသူများအနေဖြင့် စည်းကမ်းပြည့်ဝသည့်စံပြလူငယ်များဖြစ်အောင် နေထိုင်သွားကြစေလိုကြောင်းနှင့် လေထုညစ်ညမ်းမှုများ၊ သစ်တောပြုန်းတီးမှုများ၊ တောမီးလောင်ခြင်းများကြောင့်  သဘာဝပတ်ဝန်ကျင်ထိခိုက်များ ဖြစ်လာပေါ်လာပြီး လူသားတို့၏ကျန်းမာရေးများထိခိုက်ခြင်း၊ အပင်နှင့်တိရိစ္ဆာန်များ၏ အသက်ရှင်နေထိုင်မှုအပေါ် ထိခိုက်မှုများဖြစ်ပေါ်ခြင်း၊ ရာသီဥတုများ ပြောင်းလဲလာခြင်းကြောင့် ပြည်သူများအားလုံး ပူးပေါင်းပြီး သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်သွားကြစေရေး ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)