လားရှိုးမြို့ သူနာပြုနှင့်သားဖွားသင်တန်းကျောင်း၌ ဦးဆောင်းနှင့် ဂျူတီကုတ်အပ်နှင်းပွဲအခမ်းအနား ကျင်းပပြုလုပ်

လားရှိုး ဇူလိုင် ၆

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လာရှိုးမြို့သူနာပြုနှင့်သားဖွားသင်တန်းကျောင်းခန်းမ၌ ဦးဆောင်းနှင့် ဂျူတီကုတ်အပ်နှင်းပွဲ အခမ်းအနားကို ယနေ့ နံနက်(၉)နာရီခွဲအချိန်က ကျင်းပပြုလုပ်ရာ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် နိုင်နိုင်ဦး တက်ရောက်အမှာစကားပြောကြားခဲ့သည်။

ထို့နောက် လားရှိုးသူနာပြုနှင့်သားဖွားသင်တန်းကျောင်း ကျောင်းအုပ်ကြီးဒေါ်ဟေမာစိုးက ဦးဆောင်းနှင့် ဂျူတီကုတ် အပ်နှင်းခြင်းစပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့ရာ သင်တန်းသားသင်တန်းသူများသည် ယခုဦးဆောင်းနှင့် ဂျူတီကုတ် အပ်နှင်းပြီးပါက သက်ဆိုင်ရာဆေးရုံကြီးများတွင် လက်တွေ့ကွင်းဆင်းသင်ကြား ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဆက်လက်၍ ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနမှ တာဝန်ရှိ ဆေးရုံအုပ်ကြီး၊ ကျောင်းအုပ်ကြီးနှင့် သင်တန်းဆရာမများက အမျိုးသားသူနာပြု(၃)ဦး၊ အမျိုးသမီးသူနာပြု (၇၃)ဦး စုစုပေါင်း(၇၈)ဦးတို့အားဂျူတီကုတ်နှင့် ဦးဆောင်းများကို အပ်နှင်းပေးခဲ့ကြသည်။

အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်နိုင်နိုင်ဦးက သင်တန်းကာလတစ်လျှောက် ထူးချွန်ဆုရရှိသော သင်တန်းသူ(၃)ဦးအား ဂုဏ်ပြုဆုကိုလည်းကောင်း၊ တိုင်းမှူးနှင့် ပြည်နယ်အစိုးရအဖွဲ့ခွဲ (ရှမ်း/မြောက်)ဥက္ကဋ္ဌ ဦးမျိုးကျော်က သူနာပြုသားဖွားသင်တန်းကျောင်းရှိဝန်ထမ်းများနှင့် သင်တန်းသားသင်တန်းသူများအား စားသောက် ဖွယ်ရာများကို ထောက်ပံ့ပေးအပ်ခဲ့ရာ သူနာပြုနှင့်သားဖွားသင်တန်းကျောင်းအုပ်ကြီးကလက်ခံရယူခဲ့သည်။

မျိုးဆက်သစ်သူနာပြုများသို့ Florence Nightingale ၏ မီးအိမ်ကို သင်တန်းကျောင်း ကျောင်းအုပ်ကြီးမှ သင်တန်းသား၊ သင်တန်းသူများအား လက်ဆင့်ကမ်းထွန်းညှိခဲ့ပြီး သူနာပြုသစ္စာအဓိဌာန်ကို ရွတ်ဆိုခဲ့ကြကြောင်း သိရသည်။

ဟန်ဌေး(လားရှိုး)