မိုင်းနောင်မြို့အထကကျောင်းတွင်(၇၅)နှစ်မြောက်အာဇာနည်နေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ ပြုလုပ်

မိုင်းနောင် ဇူလိုင် ၆

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းနောင်မြို့အခြေခံပညာအထက်တန်းကျောင်းတွင် (၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကို ယနေ့နံနက်(၁၀)နာရီအချိန်က ပြုလုပ်ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် နိုင်ငံတော်လွတ်လပ်ရေး ရရှိရေးအတွက်စိတ်အား၊ ကိုယ်အား၊ ပညာအား၊ လက်ရုံးရည်၊ နှလုံးရည်များဖြင့်ဆောင်ရွက်ရင်း အသက်စွန့်ခဲ့ရသော အာဇာနည်ခေါင်းဆောင်များကို လေးစားဂုဏ်ပြုသောအားဖြင့် အထက်တန်းဆင့်ကို ဇူလိုင်မိုးနှင့်အနာဂတ်လူငယ်များ၏ တာဝန်​ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အလယ်တန်းဆင့်ကို မိုးစက်ဖြိုင်ဖြိုင် လဇူလိုင်ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မူလတန်းဆင့်ကို (၁၉)ဇူလိုင်မမေ့နိုင်ခေါင်းစဉ်များဖြင့် စာစီစာကုံးပြိုင်ပွဲများကို ကျင်းပပြုလုပ်ပေးရခြင်းဖြစ်ကြောင်း ကျောင်းအုပ်ဆရာကြီး ဦးဇော်မြင့်သိန်းထံမှ သိရှိရသည်။

အဆိုပါ စာစီစာကုံးပြိုင်ပွဲသို့ အထက်တန်းဆင့်၊ အလယ်တန်းဆင့်၊ မူလတန်းဆင့်များမှ ကျောင်းသားကျောင်းသူများ(၄၄)ဦး ဝင်ရောက်ယှဉ်ပြိုင်၍ ဆုရရှိသူကျောင်းသား ကျောင်းသူများကို (၇၅)နှစ်မြောက် အာဇာနည်နေ့တွင် ပေးအပ်ချီး​မြှင့်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

မနန်း(မိုင်းနောင်)